တောင်ကိုရီးယား နိုင်ငံမှာ စျေးဝယ်စင်တာတစ်ခု မီးလောင်မှုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်က ဒေဂျုံမြို့က စျေးဝယ်စင်တာမှာ ဆိုးဆိုးရွားရွား မီးလောင်မှု ဖြစ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေက အတည်ပြုပါတယ်။ အခင်းဖြစ်ရာ နေရာကို မီးသတ်ဝန်ထမ်း ၅၀၀ ကျော်နဲ့ မီးသတ်ကား အစီး ၉၀ လောက် သွားရောက်ပြီး ငြှိမ်းသတ်တာတောင် ၇ နာရီလောက် ကြာပြီးမှ မီးငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။
စျေးဝယ်စင်တာရဲ့ မြေအောက် ကားပါကင် ဧရိယာကနေ မီးစတင် လောင်ကျွမ်းခဲ့ပြီး လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက်သွားခဲ့တာလို့ ဒေဂျုံ မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ကယ်ဆယ်ရေးတွေဟာ စျေးဝယ်သူတွေ၊ ဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးစလောင်ပြီးတဲ့နောက် စျေးဝယ်စင်တာထဲမှာ မည်းနက်တဲ့ မီးခိုးလုံးတွေ ဖုံးလွှမ်းသွားတာကြောင့် တချို့က အသက်ရှူ မွန်းကျပ်ပြီး သေဆုံးသွားခဲ့ကြတာပါ။ အလောင်းတွေ တွေ့ရှိတဲ့ထဲက ၆ ယောက်ဟာ စျေးဝယ်စင်တာ ဝန်ထမ်းတွေ ဖြစ်ကြပြီး နောက်တစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းနေဆဲပါ။
မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ မီးစလောင်တာဟာ လူစည်ကားတဲ့အချိန် မဟုတ်သေးတာကြောင့် အသေအပျောက် နည်းခဲ့တာလို့ ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြပါတယ်။ ၇ ထပ်အမြင့်ရှိတဲ့ စျေးဝယ်စင်တာကြီးကို ၂၀၂၀ ပြည့်နှစ်ကမှ စတင်ဖွင့်လှစ်ထားခဲ့တာပါ။
မီးဘာကြောင့် လောင်ကျွမ်းခဲ့သလဲ ဆိုတာကိုတော့ ဒေဂျုံရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ မြေအောက် ကားပါကင်မှာ ရပ်ထားတဲ့ လျှပ်စစ်ကားတစ်စီး ဘက်ထရီက ထပေါက်ကွဲရာကနေ မီးစလောင်တယ်ဆိုတဲ့ သတင်းတချို့ ထွက်ပေါ်နေပေမယ့် ရဲတွေကတော့ အတည်မပြုသေးဘူးလို့လည်း သိရပါတယ်။