
ရုရှားနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ကလေးတွေ အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
သေနတ်သမား တစ်ဦးဟာ ရုရှားနိုင်ငံ အလယ်ပိုင်းက အစ်ဇက်ဗ်ခ်မြို့က စာသင်ကျောင်းထဲ ဝင်လာပြီး ရမ်းကား ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ နောက်တော့ အဲဒီ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုကြောင့် ကလေး ၇ ဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ၂၁ ဦး ဒဏ်ရာတွေ ရခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အခုလို တိုက်ခိုက်မှုမျိုး ဘာကြောင့် ကျူးလွန်သလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။
အခင်းဖြစ်ချိန်က စာသင်ကျောင်းထဲမှာ လူပေါင်း ၁၀၀၀ လောက်ရှိနေခဲ့တယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ တွေ့ရတဲ့ ဗီဒီယိုတွေအရ ပစ်ခတ်မှုအပြီး ကျောင်းထဲကနေ လူတွေ အထိတ်တလန့် ပြေးထွက်လာတာကို တွေ့ရပါတယ်။
သေဆုံးသူတွေထဲမှာ ကျောင်းလုံခြုံရေး ဝန်ထမ်း ၂ ဦးနဲ့ သင်ကြားရေး ဝန်ထားနှစ်ဦး ပါဝင်တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။ လောလောဆယ်တော့ ကျောင်းတဝိုက်ကို ပိတ်ဆို့ထားလိုက်ပြီး ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။
အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ နာဇီတံဆိပ်နဲ့ တီရှပ်ကို ဝတ်ဆင်ထားတဲ့ သေနတ်သမား လဲကျသေဆုံးနေတာကို တွေ့ရပါတယ်။ မြို့တော်ဝန်ရုံးက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်း ကြေကွဲမှု ကာလကို စက်တင်ဘာ ၂၉ ရက်ထိ သတ်မှတ်ထားမယ်လို့ ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။