ယူကရိန်းက သိမ်းပိုက် နယ်မြေတွေကို ပိုင်နက်ထဲ သွတ်သွင်းဖို့ ခြေလှမ်းစလာတဲ့ ရုရှား

Photo- Getty

ယူကရိန်းက သိမ်းပိုက်နယ်မြေတွေကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းဖို့ လူထုဆန္ဒမဲ ကောက်ခံမှုတွေကို ရုရှားက စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်ကစလို့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှား အသိမ်းပိုက်ခံ နယ်မြေ ၄ ခုမှာ လူထုဆန္ဒ ခံယူပွဲလို့ နာမည်တပ်ထားတဲ့ ကြိုတင်မဲ ကောက်ယူမှုတွေ စတင်နေပါတယ်။ ဒီအစီအစဉ်ကို ယူကရိန်း အစိုးရ၊ ကုလသမဂ္ဂနဲ့ အနောက်ဥရောပ နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး တရားဝင်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ စွပ်စွဲနေကြပါတယ်။

ယူကရိန်း အရှေ့ဖျား ဒေသမှာ စစ်ရေးအရ အရှုံးတွေနဲ့ ရင်ဆိုင်လာရပြီး ထိန်းချုပ်နယ်မြေတွေ ပြန်လည် လက်လွှတ်လာရချိန်မှာ ရုရှား အစိုးရဟာ အခုလို အငြင်းပွားစရာ ကိစ္စမျိုးကို အကောင်အထည် ဖော်လာတာပါ။ ဆန္ဒခံယူပွဲ ပြုလုပ်ရာ နယ်မြေတွေဟာ အရင်ကတည်းက ရုရှားအစိုးရကို လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ လက်အောက်မှာ ရှိနေခဲ့ပါတယ်။ အခုတော့ အဲဒီဒေသတွေဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်အတွက် အဓိက ပစ်မှတ်တွေ ဖြစ်လာခဲ့ပါပြီ။

လက်ရှိ အခြေအနေတွေအရ ယူကရိန်းဟာ ကိုယ့်နယ်မြေတွေ ကိုယ်ပြန်ရဖို့ တိုက်ခိုက်နေတာ ဖြစ်ပေမယ့် ရုရှားနဲ့ ပေါင်းစည်းသွားပြီ ဆိုရင်တော့ ရုရှားရဲ့ အချုပ်အခြာ အာဏာကို စတင် ထိခိုက်တဲ့ အဓိပ္ပါယ် ဖြစ်လာနိုင်ပါတယ်။ အဲဒီ အနေအထားမျိုး ရောက်သွားတဲ့အချိန် ယူကရိန်းကသာ NATO မဟာမိတ် အဖွဲ့က ထောက်ပံ့တဲ့ စစ်လက်နက်တွေကို သုံးစွဲပြီး တိုက်ခိုက်နေဦးမယ်ဆိုရင် NATOနဲ့ ရုရှားတို့ကြား ပြဿနာ တက်လာမှာ ဖြစ်ပါတယ်။ လောလောဆယ် NATOက ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့နေပေမယ့် ကာကွယ်ရေး ကဏ္ဍမှာပဲ အသုံးပြုရမယ်လို့ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပါတယ်။

အခုအခါ ရုရှားနဲ့ မဟာမိတ် သူပုန်စစ်သားတွေဟာ အသိမ်းပိုက်ခံ နယ်မြေတွေမှာ မဲရုံတွေ ဖွင့်ဖို့ စိုင်းပြင်းနေတဲ့အပြင် အိမ်တွေအထိ သွားရောက်ပြီး တစ်အိမ်တက်ဆင်း မဲလိုက်ကောက်နေပါတယ်။ ရုရှားနဲ့ ပေါင်းစည်းဖို့ ထောက်ခံမခံ ပါးစပ်ကပဲ ဖြေရပြီး စစ်သားကပဲ စာရင်းမှတ်သွားတယ်လို့ အီနာဟိုဒါမြို့မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

ယူကရိန်း တောင်ပိုင်းက ခါဆွန်မှာလည်း စစ်သားတွေက သေနတ်ကိုင်ပြီး တစ်အိမ်တက်ဆင်း မဲလိုက်ကောက်ကြပါတယ်။ ဒီလိုမျိုး အိမ်တိုင်ရာရောက် ကြိုတင်မဲ သွားကောက်ပေးတယ် ဆိုတာက လုံခြုံရေးကို ဦးစားပေးလို့ပါဆိုပြီး ရုရှား အစိုးရ မီဒီယာတွေက ကြေညာပါတယ်။ ဒေသအလိုက် မဲရုံတွေမှာ တန်းစီ မဲပေးကြတဲ့ အစီအစဉ်ကိုတော့ စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

ကြိုတင်မဲ ပေးရတဲ့အခါ လျှို့ဝှက်မဲ မပေးရတဲ့ ကိစ္စကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။ အမျိုးသမီး တစ်ယောက်က သူ့အဖေဟာ ရုရှားနဲ့ ပေါင်းစည်းရေး အဆိုကို မထောက်ခံဘူးလို့ မဲပေးခဲ့ကြောင်း၊ ရုရှား စစ်သားတွေက ဒီကိစ္စကြောင့် ဘာပြဿနာမှ မရှိဘူးလို့ ပြောပေမယ့် တစ်မိသားစုလုံး စိတ်ပူနေကြရပြီဖြစ်ကြောင်း ဝန်ခံပါတယ်။ နောက်ပြီး စစ်သားတွေက တစ်ယောက်ချင်းစီ မဟုတ်ဘဲ အိမ်ထောင်စု တစ်ခုကို တစ်မဲ ကောက်ယူနေတယ်လို့ အဲဒီအမျိုးသမီးကပဲ ပြောပါတယ်။

နိုင်ငံရေး သုတေသီတွေကတော့ ရုရှားဟာ တရားမဝင်မှန်း သိပေမယ့် ယူကရိန်း နယ်မြေတွေကို ပိုင်နက်အဖြစ် သွတ်သွင်းဖို့ ရတဲ့နည်းလမ်းနဲ့ ကြိုးစားနေတာလို့ ဝေဖန်ကြပါတယ်။ နိုင်ငံတကာက ဒီကိစ္စကို အသိအမှတ် မပြုမှာ သေချာပေမယ့် NATO အနေနဲ့ကတော့ ယူကရိန်း စစ်တပ်အပေါ် လက်နက် တပ်ဆင် ထောက်ပံ့ပေးတာနဲ့ ပတ်သက်လို့ ပိုပြီး ကျပ်တည်းတဲ့ ရှုထောင့်တွေကနေ စဉ်းစားလာရဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

 

Ref: BBC