သုံးနှစ်လောက်အတွင်း NATO အဖွဲ့ကို ရုရှားက ထိပါး တိုက်ခိုက်လာနိုင်တယ်လို့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးပြော

ဖေဖော်ဝါရီ ၊ ၁၀

လာမယ့် ၃ နှစ်လောက်အတွင်း ရုရှားဟာ NATO စစ်မဟာမိတ် အဖွဲ့ကို လက်တွေ့ ထိပါး တိုက်ခိုက်လာနိုင်တယ်လို့ ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီးက သတိပေး ပြောကြားလိုက်ပါတယ်။

 အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် ရုရှားရဲ့ ရန်လိုမှုဟာ အဲဒီထက် ပိုမို ကျယ်ပြန့်လာဖို့ သေချာနေတယ်လို့ ထရိုးလ်စ် လွန် ပူလ်ဆန်က ပြောပါတယ်။ သူဟာ ဒိန်းမတ်ရဲ့ ဒုတိယ ဝန်ကြီးချုပ် အဖြစ်လည်း တာဝန်ယူထားသူပါ။

 ဗြိတိန်၊ ဆွီဒင်၊ ရိုမေးနီးယား၊ ဂျာမနီတို့က ကာကွယ်ရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန် အတောအတွင်းမှာ ပူလ်ဆန်က လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း NATO အဖွဲ့ဝင် နိုင်ငံ တခုခုဟာ ရုရှားရဲ့ ပစ်မှတ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

 ရုရှားဟာ NATOရဲ့ ပဋိညာဉ် အပိုဒ် ၅ ကို လက်တွေ့ အကဲစမ်းဖို့ အမြဲတမ်း အာသီသ ပြင်းပြနေတယ်လို့လည်း ပူလ်ဆန်က မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ အပိုဒ် ၅ ဆိုတာက NATO အဖွဲ့ဝင် နိုင်ငံတခုကို စစ်ရေးအရ ထိပါးရင် အဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်း ခုခံရမယ်ဆိုတဲ့ ကတိကဝတ်ကို ဆိုလိုတာပါ။

 တကယ်လို့ NATO အဖွဲ့ဝင် နိုင်ငံတွေကသာ အပိုဒ် ၅ သဘောတူညီမှုကို လေးစားလိုက်နာမယ်ဆိုရင် အဖွဲ့ဝင် တနိုင်ငံ ထိပါးခံရတာနဲ့ ရုရှားနဲ့ NATO စစ်ဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

 ရုရှားအစိုးရကတော့ NATOနဲ့ စစ်ခင်းဖို့ စီစဉ်နေတယ် ဆိုတာကို ငြင်းဆိုထားပြီး အဲဒီရွေးချယ်မှုမျိုးဟာ ရုရှားအတွက် ဘာအကျိုးကျေးဇူးမှ မရှိနိုင်ဘူးလို့ ပြောကြားထားပါတယ်။

 Ref: Telegraph