တန့်ဆည်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခုနစ်ထောင်အထိ ရှိနေပြီး အကူအညီလိုအပ်နေ

Photo – TCRF (စစ်ဘေးတိမ်းရှောင်နေကြတဲ့ တန့်ဆည်ဒေသခံများ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတစ်သောင်းခွဲကျော် စစ်ဘေးတိမ်း ရှောင်နေကြ ရပြီး စားသောက်နေ ထိုင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

“ရွာအတိအကျတော့ ကျွန်တော်တို့လည်းမပြောတတ်သေးဘူးဗျ၊ ဒီဘက်က camp တွေဘာတွေလည်းမရှိတော့ ဒီလိုပဲ အဆင်ပြေသလိုနေကြရတာ၊ ရဲဘော်တွေရော စစ်ဘေးရှောင်ပြည်သူတွေရော အကူအညီတွေလိုနေတယ် ဆိုတာလေး တောင်းဆိုချင်လို့ပါဗျာ” လို့ Taze Unnamed Squad-TUNS တာဝန်ရှိသူကDNA ကို ပြောပါတယ်။

တန့်ဆည်မြို့နယ်ထဲမှာ အခုကာလအတွင်း စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခုနစ်ထောင်ခန့်ရှိ လာတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တန့်ဆည်မြို့နယ်အတွင်းမှာ စစ်ရာဇဝတ်မှုတွေ ပိုကျူးလွန်နေပြီး ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းနေတာကြောင့် ရွာပေါင်း (၃၀) ခန့်က ပြည်သူတွေ အိုး အိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တန့်ဆည်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

“တောတွေ၊ လယ်တွေ ယာတွေထဲမှာ တိမ်းရှောင်ရတာပေါ့၊ ကြာရှည်ခံမယ့် ဟင်းချက်စရာလေးတွေနဲ့ စုဆောင်း ပြီးရှောင်ရတာပါ၊ မိုးကာတဲလေးတွေနဲ့နေရတာ၊ တချို့ကျတော့လည်း နွားလှည်းလေးတွေပေါ်မှာပဲ စောင်လေး တွေခြုံအိပ်၊ မိုးရွာတော့မှ ပေါင်းမိုးပုံစံမျိုးလေး ဖုံးအုပ်အိပ်ကြတာပေါ့” လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်က ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေကိုလည်း နေ့စဉ်ပြုလုပ်လျက်ရှိပြီး ဒီနေ့မနက်ပိုင်းမှာလည်း ပေကုန်းရွာကို ထပ်မံမီးရှို့နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလလယ်ပိုင်းကစပြီး ခြောက်ရက်အတွင်း အုပ်ဖိုအိုင်ရွာ၊ ရေဦးကုန်း ရွာ၊ အောင်ချမ်းသာရွာအပါအဝင် ရွာပေါင်း (၁၁) ရွာကဒေသခံပြည်သူ့နေအိမ် တွေကို (၁၅) ကြိမ်တိတိ မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ (၁၀) ဦးကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ တန့်ဆည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ နေရပ်စွန့်ခွာနိုင်ဖို့အတွက် အရေးကြီးပစ္စည်းနဲ့ ရိက္ခာတွေကို လုံခြုံတဲ့နေရာမှာ သိမ်း ထားကြဖို့နဲ့ အရေးပေါ်ဆေးဝါးနဲ့ တစ်ကိုယ်ရေးသုံးပစ္စည်းတွေကို တစ်ပါတည်းယူဆောင်နိုင်အောင် ပြင်ဆင်ထား ကြပြီး စစ်ကောင်စီစစ်ကြောင်းတွေနဲ့အဝေးမှာ လုံခြုံရေး အသိ၊ သတိနဲ့ နေထိုင်ကြဖို့လည်း တန့်ဆည်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

Delta News

Read Previous

မုန်းမြို့နယ်မှာ မိုင်းနင်းမိတဲ့ ဒေသခံပြည်သူတဦး စစ်တပ်ကြောင့် မသေသင့်ဘဲ သေခဲ့ရတယ်လို့ KNU ဆို

Read Next

မုံရွာမြို့မှာမီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရုပ်အ​လောင်း တလောင်းတွေ့