ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲမှာ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ ပြည်သူ တဦးဟာ စစ်တပ်ကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မုန်းမြို့ဒေသခံ အသက် (၂၅) နှစ်အရွယ် စောအားထော်မူးဆိုသူအမျိုးသားဟာ စက်တင်ဘာလ ၂၂ ရက် မနက် ခြောက်နာရီအချိန်မှာ မြုံးသွားကြည့်ပြီး အပြန် ဒေသခံပြည်သူတွေ နေ့စဉ်သွားလာနေတဲ့လမ်းမှာ မိုင်းနင်းမိခဲ့ပါတယ်။
ပေါက်ကွဲခဲ့တဲ့ မိုင်းဟာ စစ်တပ်ကထောင်ထားတဲ့ မိုင်းလို့ KNU ဆိုထားပြီး DNA အနေနဲ့တော့ သီးခြားအတည် မပြုနိုင်ပါဘူး။အဲ့ဒီလူနာဟာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စစ်တပ်က ကုသပုံမှားယွင်းတာ ကြောင့်မသေသင့်ဘဲ သေဆုံးရတာ ဖြစ်တယ်လို့ KNU ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
မုန်းမြို့နယ်က KNU ဆေးဝန်ထမ်းရဲ့ စစ်ဆေးသုံးသပ်ချက်အရ သွေးထွက် လူနာကိုစစ်တပ်က Glucose ထိုးပေး တဲ့အပြင် TQ ကို ပေါင်ရင်းမှာမချည်ပေးဘဲ ဒူးခေါင်းမှာချည်ပေးတာကြောင့် သွေးထွက်လွန်ပြီး သေဆုံးရတာလို့ KNU ကဆိုပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်တွေရောက်လာပြီးနောက် ဒဏ်ရာရသူကို ကျွန်းပင်ဆိပ်ဘုန်း ကြီး ကျောင်းကို သယ်ယူကာ ဆေးတစ်လုံးထိုးပြီး ဒူးခေါင်းမှာ ပတ်တီးစည်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံရွာ သားတွေက မုန်းမြို့ကိုပို့ဖို့စီစဉ်ကြပေမယ့် စစ်တပ်ကခွင့်မပြုဘဲ နတ်သံကွင်းရွာကိုပဲ ပို့စေတယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ဒါကြောင့် နတ်သံကွင်းကျေးရွာကို ပို့ဆောင်ရာမှာတော့ လမ်းခုလတ်ဖြစ်တဲ့ ဝဲကြီးကျေးရွာမှာပဲ မိုင်းထိလူနာက သေ ဆုံခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလူနာကို စစ်တပ်က ဘာကြောင့် မုန်းမြို့မပို့စေဘဲ နတ်သံကွင်းကျေးရွာကို ပို့စေ တယ်ဆိုတာကိုတော့ မသိရပါဘူး။
နတ်သံကွင်းကျေးရွာမှာ ၂၀၂၀ ခုနှစ်အထိ ကျေးလက်ကျန်းမာရေးဌာနရှိနေကြောင်း အစိုးရသတင်း မှတ်တမ်း တွေမှာ တွေ့ရပြီးအာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခ တွေကြောင့် လက်ရှိအချိန်အထိ အဲ့ဒီကျန်းမာရေးဌာန ဆက်ရှိနေသေးလားဆိုတာတော့ အတိအကျမသိရသေးပါဘူး။
မိုင်းပေါက်ကွဲဒဏ်ရာနဲ့ သေဆုံးခဲ့သူမှာ ဇနီးဖြစ်သူနဲ့ အသက်တစ်နှစ်ကျော်အရွယ် သမီးတစ်ဦး ကျန်ရစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် စက်တင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းကလည်း နတ်သံကွင်းကစစ်ကောင်စီတပ်က တောင်စုကျေးရွာဘက်ကို (၁၂၀) မမလက်နက်ကြီး ကိုးလုံး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။