မက်ဂရီဂေါ်နဲ့ နောက်တစ်ပွဲ ထိုးသတ်ဖို့ စီစဉ်နေတဲ့ မေဝယ်သာ

Photo – CNN

လာမယ့်နှစ်မှာ ကော်နာ မက်ဂရီဂေါ်နဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ ကမ္ဘာကျော် လက်ဝှေ့ ချန်ပီယံဟောင်း ဖလွိုက်ဒ် မေဝယ်သာက အတည်ပြုလိုက်ပါတယ်။ 

ဒါဟာ နယ်ပယ်မတူတဲ့ အားကစားနည်း နှစ်ခုကြားမှာ အောင်မြင်မှု အသီးသီး ရရှိခဲ့တဲ့ တိုက်ခိုက်ရေးသမား နှစ်ယောက်ရဲ့ စိတ်မကျေပွဲလို့ ဆိုနိုင်ပါတယ်။ အိုင်ယာလန်သား မက်ဂရီဂေါ်ဟာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA)ရဲ့ UFC အဖွဲ့ချုပ် ချန်ပီယံဟောင်း တစ်ဦးပါ။ မေဝယ်သာကတော့ လက်ဝှေ့ အားကစားမှာ ဝိတ်တန်း ၅ ခုရဲ့ အငြင်းပွားဖွယ်မရှိ ချန်ပီယံအနေနဲ့ ပွဲ ၅၀ ယှဉ်ပြိုင်ရာမှာ ပွဲ ၅၀ လုံး အနိုင်ရပြီး ပရော်ဖက်ရှင်နယ် ဘဝက အနားယူခဲ့သူပါ။ 

သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတုန်းက ပွဲကြီးပွဲကောင်း နွှဲခဲ့ဖူးပြီး ၁၀ ချီမြောက်မှာ မေဝယ်သာက ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ အားကစားနည်း နှစ်ခုလုံးက ပရိသတ်တွေကို အကြီးအကျယ် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ 

အခုအခါမှာတော့ သူနဲ့ မက်ဂရီဂေါ်တို့ဟာ ၂၀၂၃ မှာ နောက်တစ်ကြိမ် ထိုးသတ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးသတ်နိုင်လုနီးပါး ဖြစ်နေပြီလို့ မေဝယ်သာက အတည်ပြုသွားပါတယ်။ သူဟာ နိုဝင်ဘာလကျရင် ဒူဘိုင်းမှာ သရုပ်ပြပွဲတစ်ခု ထိုးသတ်မှာဖြစ်ကြောင်း၊ အဲဒီနောက်မှာတော့ မက်ဂရီဂေါ်နဲ့ ထပ်ဆုံဖို့ ရှိနေကြောင်း မေဝယ်သာက ဆိုပါတယ်။ 

အသက် ၄၅ နှစ်အရွယ် မေဝယ်သာဟာ ပရော်ဖက်ရှင်နယ် ဘဝက အနားယူလိုက်ပြီ ဖြစ်ပေမယ့် ဒေါ်လာ သန်းပေါင်းများစွာနဲ့ ကမ်းလှမ်းတဲ့ သရုပ်ပြပွဲတွေကိုတော့ လက်ခံ ထိုးသတ်နေတုန်းပါ။ သူနဲ့ မက်ဂရီဂေါ်တို့ ပထမအကြိမ် ယှဉ်ပြိုင်ချိန်တုန်းက မေဝယ်သာဟာ အဲဒီ တစ်ပွဲတည်းအတွက် ဒေါ်လာ သန်း ၂၈၀ လောက် ဆုကြေး ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မက်ဂရီဂေါ်ကတော့ တစ်ပွဲတည်းနဲ့ ဒေါ်လာ သန်း ၁၃၀ လောက် ဝင်ငွေ တိုးသွားကြောင်း သိရပါတယ်။

Delta News

Read Previous

ပရိသတ်တွေ ဆူအောင်လို့ အမှားတွေ တမင်လုပ်ခဲ့ဖူးတဲ့ ချယ်လ်ဆီး နောက်ခံလူဟောင်း 

Read Next

ဂုဏ်ထူးဆောင် ‘မအလ’ တံဆိပ်