ဗြိတိန်မှာ ဈာပနအခမ်းအနား တက်ပြီး ပြန်လာတဲ့ ဒိန်းမတ် ဘုရင်မကြီး ကိုဗစ် ကူးစက်ခံရ

ဗြိတိန်က နိုင်ငံတော် ဈာပန အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒိန်းမတ် ဘုရင်မကြီးဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရကြောင်း ဒိန်းမတ် တော်ဝင် မိသားစုက အတည်ပြု ကြေညာလိုက်ပါတယ်။ 

ဘုရင်မကြီး ဒုတိယ မာဂရက်သ်ဟာ စက်တင်ဘာ ၁၉ ရက်က လန်ဒန်မြို့မှာ ကွယ်လွန်သူ ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ နာရေးအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ဒိန်းမတ်ကို ပြန်လာပြီး နည်းနည်း နေထိုင်မကောင်းလို့ ဆေးစစ်လိုက်တဲ့အခါ Positive အဖြေ ထွက်ခဲ့တာပါ။ 

အသက် ၈၂ နှစ်အရွယ် ဘုရင်မကြီးဟာ အခုအခါမှာ ချိန်းဆိုထားသမျှကို ဖျက်သိမ်းပြီး သီးသန့်ခွဲခြား နေထိုင်နေတယ်လို့ တော်ဝင်နန်းတော်က ကြေညာပါတယ်။ သူဟာ လန်ဒန်က ဝက်စ်မင်စတာ ဘုရားကျောင်းကြီးထဲမှာ သီးသန့် ဖိတ်ကြားထားသူ ၂၀၀၀ လောက်နဲ့အတူ ဈာပန အခမ်းအနား တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်သွားတဲ့နောက် မာဂရက်သ်ဟာ ဥရောပတိုက်ရဲ့ လက်ရှိ သက်တမ်း အရှည်ဆုံး ထီးဆောင်းမင်း ဖြစ်လာပါတယ်။ သူဟာ ဗြိတိန် ဘုရင်မကြီးနဲ့ ညီအစ်မ သုံးဝမ်းကွဲ တော်စပ်ပါတယ်။ ကာကွယ်ဆး ထိုးပြီးသားဖြစ်တဲ့ ဘုရင်မကြီး မာဂရက်သ်ဟာ ဖေဖော်ဝါရီလတုန်းကလည်း ကိုဗစ်တစ်ကြိမ် ကူးစက်ခံရဖူးပြီး အဲဒီတုန်းက ရောဂါလက္ခဏာတွေ အပျော့စားလောက်ပဲ ခံစားခဲ့ရပါတယ်။ 

ရောဂါကူးစက် ခံထားရလို့ ဘုရင်မကြီး ခဏတာ အနားယူနေချိန် အတောအတွင်း သူ့ရဲ့ တာဝန်တွေကို သားတော် အိမ်ရှေ့မင်းသား ဖရက်ဒရစ်ခ်နဲ့ ကြင်ရာတော် မေရီတို့က လက်လွှဲယူထားမှာ ဖြစ်ပါတယ်။ ဘုရင်မကြီး အနေနဲ့ ရောဂါလက္ခဏာတွေ ပြင်းပြင်းထန်ထန် မခံစားရတာကြောင့် မကြာခင် အပြည့်အဝ ပြန်ကျန်းမာလာမယ်လို့ နန်းတော်က ယုံကြည်နေပါတယ်။ 

ဘုရင်မကြီး မာဂရက်သ်ဟာ ဒိန်းမတ်နိုင်ငံ သမိုင်းမှာ အမျိုးသမီး တစ်ဦးအနေနဲ့ ပထမဆုံး ထီးနန်း စိုးစံသူအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်က ဖခင်ဖြစ်သူ ဖရက်ဒရစ်ခ်ဘုရင် ကွယ်လွန်သွားတဲ့နောက် အသက် ၃၂ နှစ် အရွယ်မှာ မာဂရက်သ်က အရိုက်အရာ ဆက်ခံပြီး နန်းတက်ခဲ့တာ ဖြစ်ပါတယ်။