နွေဦးတော်လှန်ရေးသူရဲကောင်းတွေနဲ့CDM ဝန်ထမ်းတွေကိုဂုဏ်ပြုခဲ့တဲ့ ကလေးမြို့သပိတ်

Photo -CJ
ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ကလေးမြို့နယ်ပြည်သူတွေဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း စက်တင်ဘာ ၁၉ ရက်ဒီနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့သူတွေကို အလေးပြုကာ ပြည်သူ့ဘက်က ရပ်တည်တဲ့ CDM ဝန်ထမ်းတွေကိုလည်း လက်ခုပ်တီးဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခြင်းခံရတဲ့ ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာတွေမှာ NUG နဲ့သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲ​တွေကို ရက်ဆက်ပြုလုပ်နေတာဖြစ်ပါတယ်။
“ဆုံးရှုံးမှု​တွေအတွက် လုံးဝသွေးအေးနေမှာမဟုတ်ဘူး” လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်ခဲ့တဲ့ ​ဒေသခံတောင်သူတစ်ဦးကပြောပါတယ်။အဲ့ဒီဒေသခံရဲ့နေအိမ်ဟာ စစ်တပ်ကမီးရှို့ဖျက်ဆီးတဲ့အထဲ ပါသွားခဲ့တာပါ။
ပြည်သူတွေရဲ့ တက်ကြွမှုကြောင့် ဆန္ဒပြပွဲကို တချို့ရက်တွေမှာ တစ်ရက်တည်း နှစ်ရွာသုံးရွာ လုပ်ရပြီး ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပြည်သူကို စိတ်ခွန်အားပေးတဲ့ဟောပြောပွဲတွေလည်းပါဝင်တယ်လို့ သပိတ်ခေါင်းဆောင်တွေကပြောပါတယ်။
“အိမ်တွေလည်းမီးရှို့ခံရပြီးပြီ၊ ဘာမှထည့်တွက်စရာမရှိတော့ဘူး၊ ရတဲ့နည်း၊ တတ်နိုင်တဲ့နည်း တိုက်ရုံပဲ” လို့ သပိတ်မှာပါဝင်သူ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲတက်ရောက်လာသူတွေကို ဒေသခံကာကွယ်ရေးတပ်တွေက လုံခြုံရေးရယူပေးခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို မပျက်မကွက်ရက်ဆက်သပိတ်မှောက်ခဲ့တာ ရက်ပေါင်း ၅၉၀ ရှိပြီဖြစ်ပါတယ်။