တရုတ်ကသာ အမှန်တကယ် ကျူးကျော် တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်က ထိုင်ဝမ်ကို အကာအကွယ် ပေးသွားမယ်လို့ ဂျိုးဘိုင်ဒန်က ပြောကြားသွားပါတယ်။
CBS ရုပ်မြင်သံကြား ဌာနရဲ့ 60 Minutes အင်တာဗျူး အစီအစဉ်မှာ အမေရိကန် သမ္မတက တရုတ်-ထိုင်ဝမ် ပဋိပက္ခနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထား တချို့ကို ထုတ်ပြောသွားခဲ့ပါတယ်။ တရုတ်ဟာ ဒီမိုကရေစီ ထွန်းကားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို ပိုင်နက် နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းပိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း အတိအလင်း ခြိမ်းခြောက်ထားပါတယ်။
CBSက ထိုင်ဝမ်သာ တရုတ်ရဲ့ ကျူးကျော်မှု ခံရရင် အမေရိကန်က ကူညီ ကာကွယ်ပေးမှာလားလို့ မေးတဲ့အခါ ဘိုင်ဒန်က တရုတ်ဟာ ထိုင်ဝမ်ကို ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တာကို လက်ခံထားရမှာဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ်။ CBSက မေးခွန်းကို တိတိကျကျ ထပ်မေးတဲ့ အခါမှာ ဘိုင်ဒန်က အမေရိကန် အနေနဲ့ ထိုင်ဝမ်ဖက်က ကူညီရမှာဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
ဘိုင်ဒန်ဟာ ထိုင်ဝမ်အရေး မူဝါဒနဲ့ ပတ်သက်လို့ အရင်ကလည်း တရုတ်ကို ဆန့်ကျင်တဲ့ သဘောထားတွေ ပြောဆိုခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်ကတော့ ကျွန်းနိုင်ငံလေးရဲ့ လုံခြုံရေးအတွက် အမေရိကန် တပ်တွေက ကူညီ ကာကွယ်ပေးဖို့ ပိုင်းဖြတ်ထားမှုကို ပိုပြီး ရှင်းရှင်းလင်းလင်း အသိပေးလာတဲ့ သဘောပါပဲ။
အရင်ကဆိုရင် အမေရိကန်ဟာ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တဲ့အခါ စစ်ရေးအရ ဝင်ပါမပါ ဆိုတာနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ မူဝါဒ သဘောထားမျိုး ဖော်ပြလေ့ မရှိပါဘူး။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ အမေရိကန်ရဲ့ ထိုင်ဝမ်အရေး မူဝါဒတွေဟာ ကြီးကြီးမားမား အပြောင်းအလဲ မရှိကြောင်း ပြောပါတယ်။
မေလတုန်းက ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် အမေရိကန် စစ်တပ်က ထဲထဲဝင်ဝင် ကူညီ ကာကွယ်ပေးဖို့ ဆန္ဒရှိမရှိ မေးမြန်းတဲ့အခါ ဘိုင်ဒန်က ဒီကိစ္စဟာ အမေရိကန် အာရုံစိုက်ထားတဲ့ အကြောင်းအရာ တစ်ခု ဖြစ်တယ်လို့ ဖြေခဲ့ဖူးပါတယ်။
ဩဂုတ်လတုန်းက အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ထိုင်ဝမ်ကို တစ်ရက်ကြာ အလည်အပတ် သွားရောက်ခဲ့တဲ့နောက် တရုတ်ဟာ ထိုင်ဝမ်နဲ့ ပတ်သက်လို့ ပိုမိုတင်းမာတဲ့ သဘောထားတွေ ပြသလာခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ဒီခရီးစဉ်ဟာ ပလော့စီ တစ်ဦးတည်းရဲ့ ကိုယ်ပိုင် သဘောထားနဲ့ ရွေးချယ်မှုဖြစ်ပြီး အစိုးရရဲ့ သဘောထား မဟုတ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ပလော့စီရဲ့ ခရီးစဉ်အပြီး တရုတ်ဟာ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ အင်အား အလုံးအရင်းနဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ခြိမ်းခြောက် တုံ့ပြန်ခဲ့ဖူးပါတယ်။ CBSနဲ့ အင်တာဗျူးမှာ ဘိုင်ဒန် ပြောဆိုသွားတဲ့ မှတ်ချက်နဲ့ ပတ်သက်လို့တော့ ဝါရှင်တန် အခြေစိုက် တရုတ်သံရုံးက ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။