မျောက်ကျောက် (Monkeypox) ရောဂါ ကူးစက်မှုတွေကို ရှောင်ရှားနိုင်အောင် နိုင်ငံခြားသားတွေနဲ့ အထိအတွေ့ မလုပ်ကြဖို့ တရုတ် ကျန်းမာရေး အရာရှိ တစ်ဦးရဲ့ ပြောဆိုမှုအပေါ် လူမှုကွန်ရက်မှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။
တရုတ်မှာ ပထမဆုံးအကြိမ် မျောက်ကျောက်ရောဂါ ကူးစက်မှုကို စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် နိုင်ငံရဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန (CDC)ရဲ့ ကူးစက်ရောဂါဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဝူဇွန်ယူက အခုလိုမျိုး အနှောင့်အသွား မလွတ်တဲ့ စကားကို Weiboမှာ ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကြောင့် ပြည်ပကနေ မျောက်ကျောက် ကူးစက် ပျံ့နှံ့သွားနိုင်တဲ့ အခြေအနေကို ဟန့်တားထားနိုင်ဆဲ ဆိုပေမယ့် ယိုပေါက် တစ်ခုခုကနေ အများပြည်သူကြား ပျံ့နှံ့သွားမှာ စိုးရိမ်ရကြောင်း သူက ဆိုပါတယ်။
လက်ရှိ အခြေအနေအရ ကူးစက်ရောဂါ အသစ်ကို ရှောင်ဖို့ဆိုရင် နိုင်ငံခြားသားတွေနဲ့ အထိအတွေ့ အဆက်အဆံ မလုပ်ဘဲ ဝေးဝေးနေလိုက်ခြင်းက အခြေခံ အကျဆုံးနဲ့ အထိရောက်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့လည်း ဝူက အကြံပြုခဲ့ပါတယ်။
တရုတ်ရဲ့ ပထမဆုံး မျောက်ကျောက် ကူးစက်မှုကို နိုင်ငံ အနောက်တောင်ပိုင်းက ချောင်ကင်းဒေသမှာ တွေ့ရှိခဲ့တာပါ။ ပြည်ပက ဆိုက်ရောက်လာသူ တစ်ဦးဟာ ကိုဗစ် ထိန်းချုပ်ရေး စည်းမျဉ်းတွေနဲ့အညီ Quarantine ဝင်နေချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ထားကြေင်း ဖော်ထုတ် တွေ့ရှိခဲ့တာပါ။ အာဏာပိုင်တွေက အဲဒီပုဂ္ဂိုလ်ဟာ တရုတ်နိုင်ငံသားလား၊ နိုင်ငံခြားသားလား ဆိုတာတော့ သေချာ မပြောပါဘူး။
ကျောက်ရောဂါ အနွယ်ဝင်ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ အဖုအပိန့်တွေ ထွက်ပေါ်တာ၊ ဖျားနာတာ၊ ကိုက်ခဲနာကျင်တာတွေ ဖြစ်ပေါ်တတ်တဲ့ မျောက်ကျောက်ဟာ အမေရိကန်နဲ့ ဥရောပမှာတော့ အတော်ကြီး တွင်တွင်ကျယ်ကျယ် ပျံ့နှံ့ ကူးစက်နေခဲ့ပါတယ်။
ဝူက မျောက်ကျောက် ကူးစက်မှုတွေကို တားဆီးဖို့ဆိုရင် ပြည်ပ ဆိုက်ရောက်မှုတွေကို စောင့်ကြည့် စစ်ဆေးတာတွေ မဖြစ်မနေ တိုးမြှင့်သင့်ကြောင်း၊ အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့ အသားချင်း ထိတွေ့တာမျိုး မရှိအောင် ကာကွယ်သင့်ကြောင်း Weiboမှာ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ အကြံပြုချက်နဲ့ ပတ်သက်လို့ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လိုအပ်ချက် တစ်ခုလို့ ချီးကျူး ထောက်ခံသူတွေ ရှိသလို တချို့ကလည်း သဘောမကျကြပါဘူး။ ဝူရဲ့ စကားတွေဟာ ခွဲခြားဆက်ဆံတဲ့ အဓိပ္ပါယ် ပေါက်နေပြီး မလိုလားအပ်တဲ့ ရန်လိုမှုတွေ ဖြစ်လာနိုင်တယ်လို့ ထောက်ပြကြပါတယ်။ တချို့ကလည်း နိုင်ငံခြားသား အသိအကျွမ်း မရှိလို့ စိတ်သက်သာရာ ရမိတယ် ဆိုတာမျိုး မှတ်ချက် ရေးနေတာလည်း တွေ့ရပါတယ်။
နောက်ပြီး တရုတ်မှာ နှစ်ရှည်လများ အခြေချ နေထိုင်ပြီး ပြည်ပကို ထွက်ခွာထားတာ မရှိတဲ့ နိုင်ငံခြားသား အများကြီး ရှိနေကြောင်း၊ ဝူရဲ့ စကားဟာ အဲဒီလို နိုင်ငံခြားသားတွေ အပေါ်မှာလည်း ထိခိုက် သက်ရောက်နိုင်ကြောင်း ဝေဖန်တာတွေ ရှိနေပြန်ပါတယ်။ ပြည်တွင်း ကူးစက်မှုတွေကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်သေးတဲ့ အခြေအနေမှာတောင် နိုင်ငံခြားသား မိတ်ဆွေတွေဟာ ခွဲခြားဆက်ဆံမှုတွေ စပြီး ကြုံလာရနိုင်ကြောင်း၊ ဒီအခြေအနေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသား အများစုက ဖာသိဖာသာ နှုတ်ဆိတ်နေကြကြောင်း Weibo သုံးစွဲသူ တစ်ယောက်က မှတ်ချက် ရေးသားသွားခဲ့ပါတယ်။