ဒီပဲယင်းမှာ စာသင်ကျောင်းကို လေကြောင်း ကတိုက်ခိုက်မှု NUG ရှုတ်ချ

Photo- ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ကစာသင်ကျောင်းကို လေကြောင်းတိုက် ခိုက်မှုလုပ်ခဲ့တဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာန သုံးခုကပူးတွဲထုတ်ပြန်ပါတယ်။
ဒီပဲယင်းက လက်ယက်ကုန်းရွာမှာ လွန်ခဲ့တဲ့နှစ်ရက်က ကျောင်းဖွင့်စာသင်နေချိန်မှာပဲ စာသင်ကျောင်းကိုစစ်တပ်က လေကြောင်းကပစ်ခတ်တိုက်ပြီး စီး နင်းခဲ့လို့ ကျောင်းသားတချို့သေဆုံးခဲ့သလိုအများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ NUG ပညာရေးဝန်ကြီးဌာန၊အမျိုး သမီးနှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနဲ့လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။
ဒါ့အပြင် စီးနင်းတိုက်ခိုက်မှုတွေအပြီးမှာ စစ်တပ်ကဖမ်းဆီးသွားတဲ့ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့လိုတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေက အခုလို ကလေးသူငယ်​တွေစာသင်နေတဲ့ စာသင်ကျောင်းကို ရက်ရက်စက်စက် ပစ်မှတ်ထားတိုက်ခိုက်တာဟာ ကလေးသူငယ်များ ပညာသင်ကြားခွင့်ကို ဆိုးရွာစွာ ချိုးဖောက်မှုဖြစ်ပြီး နိုင်ငံတ ကာ အသိုင်းအဝိုင်း အနေနဲ့လည်း စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိစေ ရေး လုပ်ဆောင်ရာမှာ ကူညီပေးဖို့လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်ကာ တရားမျှတမှု ရရှိရေး နည်းလမ်းအမျိုးမျိုးနဲ့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပဲယင်းလက်ယက်ကုန်းကျေးရွာမှာ ​စက်တင်ဘာ (၁၆)ရက်က တိုက်ပဲဲဖြစ်နေတာမရှိဘဲ လေကြောင်းနဲ့စစ်သားတွေရောက်လာပြီးရွာကိုဝင်ရောက်စီးနင်းခဲ့သလို ရဟတ်ယာဥ်တွေနဲ့လည်းပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်ငါးဦးအပါအဝင် ဒေသခံ ၁၁ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေကပြောထားပါတယ်။
ဒါ့အပြင် လက်ယာကုန်းရွာစာသင်ကျောင်းက ဆရာ၊ဆရာမ နှစ်ဦးနဲ့ ကျောင်းသူ၊ကျောင်းသား (၂၀)ထက်မနည်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ဒဏ်ရာရထားသးတွေလည်းပါလို့ စိုးရိမ်နေရတယ်လို့ ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
(လေကြောင်းကတိုက်ခိုက်ခံခဲ့ရတဲ့စာသင်ကျောင်း)