မွန်ပြည်ကာကွယ်ရေးတပ် မြောက်ပိုင်းဒေသ ဦးစီးကော်မတီ MSDF – NRC မှ တာဝန်ခံ နိုင်ကိုသူနှင့် တွေ့ဆုံခြင်း

 မေး မွန်ပြည် ကာကွယ်ရေးတပ် MSDF ကို ဘာကြောင့် တည်ထောင်ခဲ့ပါသလဲ၊ မွန်ပြည်သစ်ပါတီနဲ့ ဘယ်လို ကွဲလွဲ ပါသလဲ။

ဖြေ – မွန်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား တော်လှန်ဆန့်ကျင်တဲ့ မွန်တပ်တစ်ခုရှိဖို့ လိုအပ်တယ်လို ခံယူတဲ့အတွက် မွန်ပြည်ကာကွယ်ရေးတပ် – MSDF ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်နေတဲ့ NCA လမ်းကြောင်းကို မွန်ပြည်သစ်ပါတီအနေနဲ့ လက်ခံထားပြီး ဆက် သွားနေတာကြောင့်လည်း ပါတာပေါ့ … ။

မေး MSDF အနေနဲ့ နိုင်ငံရေးဦးဆောင်မှုအပိုင်းတွေမှာ မွန်လူကြီးသူမတွေရဲ့ အကူအညီရထားတာ ရှိပါသလား၊ NUG နဲ့ တွဲလုပ်နေတာတွေ ရှိပါသလား၊ မူဝါဒအရ ညှိနှိုင်းဆောင်ရွက်နေတာတွေရော ရှိပါသလား။

ဖြေ – မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စတင်ဖွဲ့စည်းစဥ်အချိန်မှာ မွန်ပြည် ကြားကာလ ဦးဆောင်ကော်မတီ  (MSICC) က ကော်မတီဝင်တွေလည်း ပါဝင်ခဲ့တာ ရှိပြီးသားပါ။ အဲဒီအချိန်က ကျွန်တော်လည်း MSICC ရဲ့ ကော်မတီဝင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ MSDF – NRC အနေနဲ့ကတော့ NUG နဲ့ ချိတ်ဆက် ဆောင် ရွက်မှုတွေ၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိပါတယ်။ အခြား မိတ်ဖက်အဖွဲ့အစည်းတွေ၊ ERO တွေနဲ့ လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိပါတယ်။

မေး MSDF က အနာဂတ်မှာ ဘယ်လို တပ်မျိုး ဖြစ်လာမှာလဲ၊ တပ်အင်အားကို ဘယ်လိုမျိုး စုဆောင်းနေပါ သလဲ။

ဖြေ – MSDF က မွန်ပြည် ကာကွယ်ရေးတပ် ပြည်နယ်တပ်တစ်ခုအနေနဲ့ ရပ်တည်နေပြီး ဖယ်ဒရယ်တပ်တော် ပေါ်ပေါက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တပ်အင်အားအတွက် စုဆောင်းတဲ့အခါမှာ တော့ အဓိကအနေနဲ့ မွန်ပြည်အကျိုးအတွက် လက်ခံ လုပ်ဆောင် နိုင်သူတွေကို အဓိကထားပြီး စည်းရုံး စုဆောင်းပါတယ်။ အခြား ချမှတ်ထားတဲ့ စည်းကမ်းချက်တွေလည်း ရှိပါသေးတယ်။

အခြား အချက်တွေကတော့ –

– အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်‌ရေးအတွက် စိတ်အား ထက်သန်သူ ဖြစ်ရပါမယ်။

– အခြေခံစစ်သင်တန်း ပြီးတဲ့အချိန်က စပြီး အနည်းဆုံး စစ်မှု (၂) နှစ် ထမ်းဆောင်နိုင်သူ ဖြစ်ရပါမယ်။

– ကျန်းမာရေး ကောင်းမွန်ရမယ်။

– ပင်ပန်း ဆင်းရဲမှုဒဏ် ခံနိုင်ရမယ်။

– မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ အဆက်အသွယ် ဖြတ်နိုင်ရမယ်။

– စစ်မှုထမ်းလိုသူတွေအနေနဲ့ အသက် (၁၈) နှစ်မှ (၄၀) နှစ်အတွင်း ဖြစ်ရပါမယ်။

– တပ်က ချမှတ်ထားတဲ့ စည်ကမ်းနဲ့ တာဝန်များကို လက်ခံနာခံနိုင်သူ ဖြစ်ရပါမယ်။

တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းဖို့ ဆက်သွယ်လာသူတွေထဲက အချို့ကိုတော့ MSDF တပ်ဖွဲ့ရဲ့ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီလို့ ငြင်းပယ်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။

မေး နိုင်ကိုသူက မွန်တော်လှန်ရေး ခေါင်းဆောင် နိုင်ပန်းသာရဲ့ မြေးလို့ သိရပါတယ်။ အဘိုးရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေး၊ ဖယ်ဒရယ်ရေးကို မြေးလက်ထက်မှာ ပြီးပြတ်အောင်မြင်မယ်လို့ ယုံကြည်ပါသလား။

ဖြေ – ကျွန်တော်တို့ တော်လှန်ရေး စလုပ်တဲ့ အချိန်ကတည်းက ခံယူချက် ယုံကြည်ချက်တွေနဲ့ လုပ်ခဲ့တာပါ။ ကျွန်တော့်အဘိုး နိုင်ပန်းသာကလည်း သူ့ခေတ်မှာ သူအကောင်းဆုံး ဖြစ်အောင် ကြိုးစား ဆောင်ရွက်ခဲ့တယ်။ တော်လှန်တိုက်ပွဲဝင်ခဲ့တယ်။ အလားတူပဲ ကျွန်တော်တို့ ခေတ်မှာလည်း အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အောင်မြင်ပြီးမြောက်ဖို့ ဆိုတာကတော့ တော်လှန်ရေး အင်အားစုအားလုံးရဲ့ တော်လှန်ရေးအပေါ်မှာ အားစိုက်ထုတ်မှု ရိုးသားကြိုးစားမှုအပေါ်မှာ အများကြီး မူတည်ပါတယ်။

မေး မွန်လူထုတွေက MSDF ကို သိကြပါသလား၊ ဘယ်လို သဘောထားမျိုး ရှိပါသလဲ။

ဖြေ – လက်ရှိ မွန်နိုင်ငံရေးမှာ (၃) မျိုး ကွဲပြားနေတယ်လို့ ပြောလို့ရပါတယ်။ ပထမ တစ်မျိုးကတော့ အကြမ်း ဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) သွားနေတဲ့ ပုံစံမျိုး၊ ဒုတိယတစ်မျိုး ကတော့ NCA လမ်းကြောင်းအတိုင်း ဆက်သွားနေပြီး ကြမ်းဖက် စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ မွန်ပြည်သစ်ပါတီ (NMSP) သွားနေတဲ့ ပုံစံမျိုး၊ တတိယတစ်မျိုးကတော့ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ နည်း အမျိုးမျိုးနဲ့ အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြတဲ့ ပုံစံမျိုးပါ။

အဲဒီ ပုံစံတွေထဲက တတိယပုံစံထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) လည်း တစ်ခု အပါအဝင် ဖြစ် ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်ကို လက်မခံတဲ့ မွန်လူထုတွေရဲ့ ထောက်ခံမှုကိုတော့ MSDF အနေနဲ့ အပြည့်အဝ ရရှိထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ ကူညီ ပံပိုးမှုတွေကြောင့်ပဲ အချိန်တိုအတွင်းမှာ မွန်ပြည်ကာကွယ် ရေးတပ် (MSDF) ကို တည်ထောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

မေး MSDF ရဲ့ မူဝါဒက ဘာတွေလဲ၊ မွန်ပြည်နယ်နဲ့ မွန်လူမျိုးအပေါ် ဘယ်လို အခြေအနေထိ ရှိမလဲ၊ ဘယ်လို ရလဒ်မျိုး ရတဲ့အထိ စစ်ကောင်စီကို တိုက်မှာလဲ။

ဖြေ – မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ မူဝါဒတွေ ထဲမှာ အဓိကကျတဲ့ အချက်တွေကတော့ –

– အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင်စနစ်အမျိုးမျိုး ခြေမှုန်းတိုက်ဖျက်ရေး

– ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေး

– ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ဖယ်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးတို့ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျရှုံးသွားရုံနဲ့ ဒီတော်လှန်ရေးက ပြီးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ တော်လှန်ရေးယုံကြည်ချက် ခံယူချက်တွေ ပြည့်မြောက်တဲ့အထိ ဆက်လက် ဆောင်ရွက်သွား မှာပါ။

မေး မွန်ပြည်သစ်ပါတီက မွန်မှာ အင်အားအကြီးဆုံး နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါလျက် စစ်ကောင်စီနဲ့ စကားပြောနေတဲ့အပေါ်  MSDF အနေနဲ့ ဘယ်လို သဘောထားမျိုး ရှိပါသလဲ။

ဖြေ – MSDF – NRC အနေနဲ့ (၇၅) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ တိုက်တွန်းနှိုးဆော်ချက်မှာ တိုက်တွန်းထား ပြီး ဖြစ်ပါတယ်။ အဲဒီ တိုက်တွန်းချက်ထဲမှာ ပါတဲ့ အချက်ကတော့ ယနေ့ အချိန်အခါတွင် မွန်အမျိုးသားတစ်ရပ် လုံးအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနှင့် တစ်စုံတစ်ရာ ပူးပေါင်းဆောင်ရွက်မှု လုံးဝ (လုံးဝ) မပြုလုပ်ရန် လိုအပ် ကြောင်းကို တိုက်တွန်း နှိုးဆော်ထားပြီး ဖြစ်ပါတယ်။

မေး မွန်ပြည်နယ်နဲ့ မွန်လူမျိုးတွေကို နိုင်ကိုသူအနေနဲ့ ဘယ်လို ဖြစ်စေချင်ပါသလဲ။

ဖြေ – ကျွန်တော်အနေနဲ့ အနာဂတ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့် အပြည့်အ၀ရှိတဲ့ မွန်ပြည်မျိုးကို ပြန်လိုချင် ပါ တယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် အရင်းတိုင်း ပြန်လိုချင်တယ်။ ဆုံးရှုံးခဲ့ရတာ (၂၆၅) နှစ်ကျော်ခဲ့ပါပြီ။ ဒီအချိန်မှာ မွန်လူမျိုးတွေအနေနဲ့ ယခင်က ချမှတ်ထားတဲ့ မွန်တော်လှန်ရေးလမ်းစဥ်အတိုင်း ဆက်လက် လျှောက်လှမ်းကြဖို့ လိုပါတယ်။ မွန်ပြည်အကျိုးအတွက် ရဲရင့်စွာ ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဟုတ်ကဲ့ ခုလို ဖြေကြားပေးတဲ့အတွက် နွေးဦးပွင့်သစ်မဂ္ဂဇင်းက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

 

နွေဦးပွင့်သစ် အယ်ဒီတာအဖွဲ့