အိန္ဒိယ နိုင်ငံက ဘီလီယံနာ သူဌေးကြီး ဂေါ်တမ် အဒါနီဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူပုဂ္ဂိုလ်တွေ စာရင်းရဲ့ ဒုတိယ နေရာကို တက်လှမ်းလာခဲ့ကြောင်း သိရပါတယ်။
Forbes မဂ္ဂဇင်းက အချိန်နဲ့ တပြေးညီ စာရင်းပြုစု ကောက်ယူနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်တွေ စာရင်းမှာ အဒါနီဟာ Amazon အမှုဆောင်ချုပ် ဂျက်ဖ်ဘဇော့စ်ကို ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Adani Groupရဲ့ အမှုဆောင်ချုပ်ဟာ အခုအချိန်မှာ ကြွယ်ဝမှု စုစုပေါင်း ၁၅၅.၅ ဘီလီယံထိ ရှိလာပြီလို့ Forbesက ဆိုပါတယ်။ သူဟာ ရက်ပိုင်းအတွင်း ပိုင်ဆိုင်မှု ပမာဏ ၅.၂ ဘီလီယံ၊ တစ်နည်းအားဖြင့် ၃.၄၉ ရာခိုင်နှုန်း တိုးပွားလာလို့ ဒုတိယ နေရာကို ခုန်တက်သွားခဲ့တာပါ။
တတိယ နေရာမှာတော့ LVHMရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်သူ ဘားနက်ဒ် အားနော့တ်က ရပ်တည်နေပါတယ်။ သူ့ရဲ့ ကြွယ်ဝမှု ပမာဏဟာ အဒါနီထက် ဒေါ်လာ သန်း ၃၀၀ လောက် လျော့နည်းနေတယ်လို့ Forbesရဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။ သူတို့ရဲ့ နောက်မှာတော့ ပိုင်ဆိုင်မှု ပမာဏ ဒေါ်လာ ၂.၃ ဘီလီယံလောက် လျော့ကျသွားတဲ့ ဘဇော့စ်က စတုတ္ထလူအဖြစ် ရပ်တည်နေပါတယ်။ သူ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှု အစုစုက ဒေါ်လာ ၁၄၉.၇ ဘီလီယံလောက် ရှိပါတယ်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် နေရာမှာတော့ Teslaရဲ့ အမှုဆောင်ချုပ် အီလွန်မတ်စ်ခ်က ပြိုင်ဘက်မရှိ ဦးဆောင်နေဆဲပါ။ ကမ္ဘာပေါ်မှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂၀၀ ဘီလီယံအထက်ထိ ရောက်ရှိနေတဲ့ စီးပွားရေး လုပ်ငန်းရှင်ဟာ မတ်စ်ခ် တစ်ဦးပဲရှိပြီး ဒေါ်လာ ၂၇၃.၅ ဘီလီယံလောက် ကြွယ်ဝနေတယ်လို့ ဆိုပါတယ်။
အဒါနီ ပိုင်ဆိုင်တဲ့ Adani Groupဟာ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေ၊ သန့်စင်စွမ်းအင် လုပ်ငန်းတွေ၊ အချက်အလက် သိုမှီးရေး စင်တာတွေနဲ့ တခြား နယ်ပယ်တွေမှာ ဖြန့်ကျက် ရင်းနှီးမြှုပ်နှံထားပါတယ်။ အဒါနီဟာ ဖေဖော်ဝါရီလတုန်းက အာရှတိုက်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် တစ်နိုင်ငံတည်းသား မူကက်ရှ် အမ်ဘာနီကို ကျော်တက်လာနိုင်ခဲ့ပါတယ်။ အမ်ဘာနီရဲ့ လက်ရှိ ပိုင်ဆိုင်မှု ပမာဏက ဒေါ်လာ ၉၃.၄ ဘီလီယံဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး တန်းစီဇယားမှာတော့ အဆင့် ၈ ကို ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း Adani Groupက မြှုပ်နှံထားတဲ့ လုပ်ငန်းတချို့ ရှယ်ယာတန်ဖိုး သိသိသာသာ မြင့်တက်လာခြင်းနဲ့အတူ သူဌေးကြီးရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုလည်း တိုးလာခဲ့ပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ ယောက်ရဲ့ ပိုင်ဆိုင်မှု ပမာဏ တန်ဖိုးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အီလွန်မတ်စ်ခ် (တောင်အာဖရိက/ အမေရိကန်) … Tesla၊ Space X အမှုဆောင်ချုပ် … ဒေါ်လာ ၂၇၃.၅ ဘီလီယံ
၂။ ဂေါ်တမ် အဒါနီ (အိန္ဒိယ) … Adani Group အမှုဆောင်ချုပ် … ဒေါ်လာ ၁၅၅.၅ ဘီလီယံ
၃။ ဘားနက်ဒ် အားနော့တ် (ပြင်သစ်) … LVHM ဥက္ကဋ္ဌ … ဒေါ်လာ ၁၅၅.၂ ဘီလီယံ
၄။ ဂျက်ဖ် ဘဇော့စ် (အမေရိကန်) … Amazon အမှုဆောင်ချုပ် … ဒေါ်လာ ၁၄၉.၇ ဘီလီယံ
၅။ ဘီလ်ဂိတ်စ် (အမေရိကန်) … Microsoft တည်ထောင်သူ … ဒေါ်လာ ၁၀၄.၆ ဘီလီယံ
Ref: Forbes