ဟန်ဂေရီဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံ မဟုတ်တော့ဘူးလို့ ဥရောပ ပါလီမန်ဆုံးဖြတ်

Photo – AP
ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဟန်ဂေရီဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ နိုင်ငံတစ်ခု မဟုတ်တော့ဘူးလို့ ဥရောပ ပါလီမန်က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
ပါလီမန်ရဲ့ အမတ်တွေအနက် ဒီအဆိုကို ထောက်ခံသူ ၄၃၃ ဦးရှိခဲ့ပြီး ၁၂၃ ဦးသာ ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ မဲခွဲဆုံးဖြတ်ချက်တွေအရ ဟန်ဂေရီရဲ့ ဒီမိုကရေစီဟာ ရာနှုန်းပြည့် စစ်မှန်မှု မရှိတော့ဘဲ ဗဟိုချုပ်ကိုင်မှု ရောစွက်တဲ့ ရွေးကောက်ပွဲစနစ်မျိုး ကျင့်သုံးနေတဲ့ ဒီမိုကရေစီတစ်ပိုင်း၊ အာဏာရှင်တစ်ပိုင်း နိုင်ငံဖြစ်လာပြီလို့ ပါလီမန်က ကြေညာပါတယ်။
ပါလီမန်ရဲ့ အမတ်တွေက ဟန်ဂေရီရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေဟာ အဖွဲ့ဝင်နိုင်ငံ စံနှုန်းတွေနဲ့ မကိုက်ညီတော့တာကြောင့် ဥရောပ သမဂ္ဂက ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တုံ့ပြန်သင့်ကြောင်းလည်း တိုက်တွန်းသွားပါတယ်။ ဒါပေမဲ့ အခုကိစ္စဟာ လုပ်ထုံးလုပ်ငန်း သဘောသာဖြစ်ပြီး သမဂ္ဂရဲ့ အရေးပါတဲ့ ဆုံးဖြတ် စီမံမှုတွေအပေါ် သက်ရောက်နိုင်ခြေ နည်းပါတယ်။
ပါလီမန် အမတ်တွေက ဟန်ဂေရီရဲ့ ဖွဲ့စည်းပုံ ဥပဒေနဲ့ ရွေးကောက်ပွဲစနစ်၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှု၊ အဂတိ လိုက်စားမှု အခြေအနေတွေ၊ LGBT အခွင့်အရေးနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေ၊ ပညာသင်ယူမှုဆိုင်ရာ ကန့်သတ်ချက်တွေအပေါ် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဟန်ဂေရီမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရင်းနှီးတဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဟန်ဂေရီ အစိုးရဟာ ရုရှားကို အရေးယူ ပိတ်ဆို့တာမျိုး အရေးကြီးတဲ့ မူဝါဒ ဆုံးဖြတ်ချက်တွေဆိုရင် ဆန့်ကျင် ရပ်တည်ခဲ့တဲ့ သမိုင်းကြောင်းတွေလည်း ရှိပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ရင်လည်း ဟန်ဂေရီရဲ့ ကန့်ကွက်မှုနဲ့ ကင်းလွတ်အောင် စကားအသုံးအနှုန်းကအစ သတိကြီးကြီး ဆင်ခြင်ရလေ့ ရှိပါတယ်။
ဟန်ဂေရီ ​နိုင်ငံခြားရေးဝန်ကြီး ပီတာ ရှစ်ဂျာတိုကတော့ ဥရောပ ပါလီမန်ရဲ့ မဲခွဲဆုံးဖြတ်မှုဟာ ဟန်ဂေရီရဲ့ ဒီမိုကရေစီအပေါ် တိုက်ရိုက်မေးခွန်းထုတ်ပြီး ဟန်ဂေရီ ပြည်သူတွေကို စော်ကားလိုက်သလိုပဲလို့ ဒေါသတကြီး ဝေဖန်သွားခဲ့ပါတယ်။
ဟန်ဂေရီ ပြည်သူတွေဟာ ရွေးကောက်ပွဲ ၄ ဆင့်လောက်ကို ဖြတ်သန်းပြီးမှ သူတို့ လိုချင်တဲ့ အနာဂတ်အတွက် ကိုယ်တိုင် မဲပေး ရွေးချယ်ထားကြတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ပါလီမန်ရဲ့ အစီရင်ခံစာတွေမှာတော့ ဟန်ဂေရီ အစိုးရဟာ ၂၀၁၈ ခုနှစ်ကစလို့ ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ တဖြည်းဖြည်းချင်း ရုပ်သိမ်းလာခဲ့ပြီး အဂတိ ပြဿနာတွေလည်း ပိုမိုထူပြောလာနေကြောင်း ဖော်ပြထားပါတယ်။