ဒေးဒရဲမြို့က ဗုံးပေါက်ကွဲမှုအပြီး မြို့ခံလူငယ် ဆယ့်တဦးအဖမ်းခံရ

Photo – CJ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့မှာ တညတည်း ဗုံး (၂) လုံး ပေါက်ကွဲမှု အပြီးမှာ စစ်တပ်က စည်ပင်သာယာဝန်ထမ်း လူငယ် (၄) ဦး အပါအဝင် လူငယ် (၁၁) ဦးကို စက်တင်ဘာ (၁၄) ရက်နေ့က ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“စည်ပင်ဝန်ထမ်း ကောင်လေးတွေကို စစ်သားတွေက ရိုက်နှက် ထိုးကျိတ်ဖမ်းခေါ်သွားတာ မြင်မကောင်းဘူး “လို့ ဆိုပါတယ်။

စက်တင်ဘာလ (၁၃) ရက်နေ့ညက ဒေးဒရဲမြို့ စည်ပင်ရုံးနဲ့ အမှတ် ၂ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံး ဗုံးခွဲခံရတာမှာ ရာအိမ်မှူးတဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ် ။

အဖမ်းခံရတဲ့ စည်ပင်သာယာ ရုံးဝန်ထမ်းတွေကတော့ ကိုရန်ကျော်၊ ကိုမြတ်မင်း၊ ကိုဝေရနဲ့ ကိုငစိုး တို့ဖြစ်ပြီး ကျန်လူငယ်တွေကတော့ မြို့မရပ်ကွက်သားတွေလို့ သိရပါတယ် ။

အမှတ် (၂) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နဲ့ ရာအိမ်မှူး (၂) ဦးက ရုံးဧည့်စာရင်း လက်ခံနေချိန် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ရာအိမ်မှူး ဦးအောင်မြိုင်ကို ဗုံးစထိမှန်တာ မစိုးရိမ်ရသလို ရုံးလည်းပျက်စီးမှုမရှိခဲ့​ဘူးလို့ သိရပါတယ်။

မြို့နယ်စည်ပင်သာယာရေးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမှတ် (၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဒေးဒရဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က. ဖ) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးပစ်မှတ်တခုဖြစ်တဲ့ စည်ပင်သာယာရုံးနဲ့ ပြည်သူလူထုကို ဒုက္ခပေးပြီး စစ်ကောင်စီ အလိုကျဆောင်ရွက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ပစ်မှတ်ထားပြီး ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်တာလို့ ဖော်ပြပါရှိပါတယ်။

“မစ်ရှင်း mission မှာ ပါဝင်တဲ့ ရဲဘော်အားလုံး ဘေးကင်းရာကို ပြန်ရောက်ပါပြီ”လို့ ဒေးဒရဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က. ဖ) တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၂၆) ရက်နေ့ ညပိုင်းကလည်း ဒေးဒရဲမြစ်ကူးတံတား မြို့အဝင် လုံခြုံရေး စစ်ဆေးဂိတ်အနီးမှာ ဗုံး (၂ ) လုံးပေါက်ကွဲခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုကြောင့် မသင်္ကာလို့အဖမ်းခံထားရသူ အချို့ဟာ ငွေမပေးနိုင်လို့ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။