တိုင်ဖွန်းမုန်တိုင်းကြီး မူဖား တရုတ် ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်ပြီး ရှန်ဟိုင်းမြို့ဆီ ဦးတည်နေ

Photo-AFP

အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း မူဖားဟာ တရုတ်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော် ​ဝင်ရောက်ပြီး လူဦးရေ ထူထပ် သိပ်သည်းရာ မြို့ကြီးတစ်ခုဖြစ်တဲ့ ရှန်ဟိုင်းဆီ ဦးတည်နေကြောင်း သိရပါတယ်။

 အခုနှစ်အတွင်း အင်အားအပြင်းထန်ဆုံး တိုင်ဖွန်းတစ်ခုဖြစ်တဲ့ မူဖားရဲ့ အရှိန်ကြောင့် တရုတ် ကမ်းရိုးတန်း အရှေ့ပိုင်းတလျှောက်မှာ ရေကြီးမှုတွေ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းတာတွေ၊ လှိုင်းထန်တာတွေ ကြုံတွေ့ရမယ်လို့ မိုးလေဝသ အေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းဟာ စက်တင်ဘာ ၁၅ ရက် မနက်အစောပိုင်းက ဇူရှန်းမြို့နားကနေ စတင် ကုန်းတွင်းဝင်ရောက်ပြီး မြောက်ဖက်ကို ဦးတည် ရွေ့လျားနေပါတယ်။ မုန်တိုင်းရဲ့ လမ်းကြောင်းဟာ ရှန်ဟိုင်းမြို့ကို တည့်တည့် ဖြတ်သန်းသွားမယ့် အခြေအနေမျိုးလည်း တွေ့နေရပါတယ်။

မုန်တိုင်း မဝင်ရောက်မီကတည်းက ဒေသဆိုင်ရာ အာဏာပိုင်တွေက တရုတ် အရှေ့ဖက် ကမ်းရိုးတန်း တလျှောက်မှာ ကျောင်းတွေ၊​ စျေးဆိုင်တွေ၊ ရုံးတွေ ပိတ်ထားဖို့ အရေးပေါ် ညွှန်ကြားထားပါတယ်။ ပင်လယ်ပြင်ကို ထွက်နေတဲ့ လှေတွေကိုလည်း ကမ်းကပ်ထားကြဖို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း မူဖားရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ ၁၆၀ နီးပါးလောက်ထိ ပြင်းထန်နေပြီး နောက်ထပ် နာရီပေါင်း အတော်ကြာအောင် လေထန်နေဦးမယ်လို့ မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ပါတယ်။ မိုးကလည်း အရမ်းသည်းသည်းထန်ထန် ရွာသွန်းနေတာကြောင့် မုန်တိုင်း ဖြတ်သန်းရာ ဒေသတွေမှာ သဘာဝ ဘေးအန္တရာယ်တွေ ကြုံလာနိုင်​ခြေ မြင့်မြင့်မားမား ရှိနေကြောင်းလည်း သတိပေးထားပါတယ်။

ကမ်းရိုးတန်း ဒေသတွေမှာတော့ ၁၆ ပေလောက် မြင့်မားတဲ့ လှိုင်းလုံးတွေ ရိုက်ခတ်နေတာ တွေ့ရပါတယ်။ တရုတ်ရဲ့ အလုပ်အများဆုံး ကုန်တင်ကုန်ချ ဆိပ်ကမ်းတွေ တည်ရှိရာ ရှန်ဟိုင်းမှာတော့ ရေယာဉ် အသွားအလာတွေကို ရပ်နားထားစေခဲ့ရပါတယ်။ လတ်တလော အခြေအနေအရ တရုတ် မိုးလေဝသ အေဂျင်စီဟာ မုန်တိုင်း အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံး အနီရောင်အဆင့် ထုတ်ပြန်ထားလိုက်ပါတယ်။

မူဖားကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ဘယ်တိုင်ဖွန်းမုန်တိုင်းမဆို လူသားတွေအတွက် အခက်အခဲတွေ ကြုံတွေ့စေမှာဖြစ်ကြောင်း၊ ဒါပေမဲ့ မူဖားကတော့ ရှန်ဟိုင်းလို မြို့ကြီးဆီ တည့်တည့်မတ်မတ် ဦးတည်နေခြင်းက တုံ့ပြန် ကိုင်တွယ်ဖို့ ပိုပြီး ခက်ခဲစေနိုင်ကြောင်း CNN သတင်းဌာနရဲ့ မိုးလေဝသ ပညာရှင် ချတ်ဒ်မိုင်းရက်စ်က ပြောပါတယ်။

မူဖားဟာ ပထမတစ်ကြိမ် ကုန်းတွင်းဝင်ပြီးတဲ့အချိန်မှာ ဟန်ဇူး ပင်လယ်ကွေ့ထဲ ပြန်ရောက်သွားပြီး တကျော့ပြန် အားကောင်းလာနိုင်ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ရှီကျီအန်း ဒေသမှာ ဒုတိယအကြိမ် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မယ်လို့ ယူဆရပါတယ်။

တရုတ်ဟာ အခုနှစ်အတွင်း တိုင်ဖွန်းမုန်တိုင်း ၃ ခုနဲ့ ကြုံခဲ့ဖူးပြီး ဖြစ်ပေမယ့် မူဖားက အားလုံးထက် ပိုပြင်းထန်ကြောင်း သိရပါတယ်။ လောလောဆယ်တော့ မူဖားကြောင့် တရုတ် အရှေ့ပိုင်း ဒေသတွေရဲ့ ကုန်သွယ် စီးပွား ကဏ္ဍအပေါ် ထိခိုက်မှုတွေ စတင် တွေ့မြင်နေရပါပြီ။ ကမ္ဘာလှည့် ခရီးသွား အပန်းဖြေ စခန်းတွေမှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရသလို ဆိပ်ကမ်းတွေလည်း ယာယီ ပိတ်ထားရပါတယ်။ လေယာဉ် ခရီးစဉ်တွေလည်း ဆိုင်းငံ့ထားရပါတယ်။ မုန်တိုင်း ဖြတ်သန်းမယ့် ရှန်ဟိုင်း၊ ဇူရှန်း၊ နင်ဘိုနဲ့ တိုင်ဇူးမြို့တွေမှာ စုစုပေါင်း နေထိုင်သူ အရေအတွက်က ၄၂.၂၆ သန်းလောက်ထိ များပြားကြောင်းလည်း သိရပါတယ်။