ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ရွာမှာ တပ်စွဲထားတဲ့စစ်တပ်က စက်တင်ဘာ (၁၃) ရက် ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ အရှေ့စည်းရွာထဲကို လက်နက်ကြီးကျည်တွေကျပြီး ပြည်သူတစ်ဦး အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မြေပြင်မှာပြားပြားဝပ်ပြီးနေရတာ၊ပြီးတော့ တိုက် အိမ်တွေဆီပြေးကြရတာ၊ရွာအနောက်ပိုင်းကို သုံးလုံးကျတာ၊ အိမ်တစ်လုံးပျက်စီးတယ်၊ ဒဏ်ရာရတဲ့သူက တင်ပါးတွေရောနောက်ကနေ ကျည်စမှန်တာ တော်တော်နက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရှေ့စည်းကျေးရွာဟာ ပြီးခဲ့တဲ့နှစ်ဦးပိုင်း မှာ စစ် ကောင်စီရဲ့ အကြီးအကျယ်မီးရှို့ ဖျက်ဆီးခြင်း ကိုခံခဲ့ရတဲ့ရွာဖြစ်ပြီး ရွာသူရွာသားအများစုဟာ မီးလောင်ပြင်တွေမှာ ယာယီတဲတွေဆောက် လုပ်နေထိုင်နေကြရတာပါ။
စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရှားဖို၊ တင်သား၊ အရှေ့စည်း၊ ကျောက်ဖူးစတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေတာဖြစ်ပါတယ်။
အဲ့ဒီလိုလက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်မူကြောင့် အနီးဝန်းကျင် ကျေးရွာတချို့က ပြည်သူတွေဟာ ရွာကနေတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။