ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦး အသေးစားထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက DNA ကိုပြောပါတယ်။
ဘားအံမြို့၊ လှာကမြင်ရပ်ကွက်မှာရှိတဲ့ တော်ဝင်သုခဆေးခန်းရှေ့မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ခဲ့သူဟာ အရပ်သားဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘဲ အသေးစားဒဏ်ရာရတာဖြစ်တယ်လို့ သိရပါတယ်။
“မနက်အစောကြီးပေါက်တာဘဲ၊ ပေါက်ပြီးခဏကြာတော့ဆိုင်ကို (စစ်တပ်က) လာမေးတယ်၊ ဆိုင်ရှေ့မှာ ပေါက်တာလားဆိုပြီး၊ ဂျာကြီးကမဟုတ်တဲ့အကြောင်း ပြောလိုက်တယ်၊ ဧည့်စာရင်းတိုင်ဖို့ လည်း ပြောသွားတယ် ” လို့ လှာကမြင်ရပ်ကွက်ထဲမှာ အလုပ်လုပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီဗုံးခွဲတိုက်ခိုက်မှုဟာ တော်ဝင်သုခ ဆေးရုံးနားမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စစ်ကောင်စီ လက် အောက်ခံ တပ်ဖွဲ့ဝင်တွေကို သတိပေးတာဖြစ်တယ်လို့ ဘားအံမြို့ပြပြောက်ကျားအင်အားစု (HPA-AN GUERILLA FORCE)က ဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။
နောင်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို ပိုမိုပစ်မှတ်ထားတိုက်ခိုက် သွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ အဲ့ဒီတပ်ဖွဲ့ဝင်တွေ အနီးသွားလာလှုပ်ရှားတာမလုပ်ဖို့ မေတ္တာရပ် ခံတယ်လို့ (HPA-AN GUERILLA FORCE)က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဘားအံမြို့မှာ ဗုံးပေါက်ကွဲမှုတွေမကြာခဏဖြစ်လေ့ရှိပြီး အခုနှစ်ဆန်းပိုင်းမှာ ဘားအံမြို့က Mytel ရုံးနဲ့ ၊မြန်မာဘီယာတင်ကား ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သလို အခုနှစ်မတ်လကလည်း အမှတ်(၆) ရပ်ကွက် အနီးက တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁ တပ်ခြံစည်းရိုးနားမှာ ဖောက်ခွဲတိုက် ခိုက်မှုဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၁၁ရက်ကလည်း ဘားအံမြို့တွင်းမှာ မနက် အစောပိုင်းအချိန် ဗုံးသုံးလုံး ဆက် တိုက် ပေါက်ကွဲခဲ့တဲ့ အပြင် တရက်တည်းမှာပဲ မပေါက်ကွဲသေးတဲ့ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့တာတွေရှိခဲ့ပါတယ်။