မြောင်မှာ တစ်ပတ်အတွင်း စစ်ရှောင် ရှစ်ထောင်ကျော်ရှိလာ

Photo – CDSOM

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ နေ့စဉ် စစ်ကြောင်းထိုးနေလို့ တစ်ပတ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်လာရသူ ရှစ်ထောင်ကျော်အထိ ရှိလာတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။

မြောင်မြို့နယ်မှာ အရင်ကတည်းက တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူ ထောင်ချီရှိနေတဲ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နေရပ်စွန့်ခွာလာသူ ငါးထောင်ဝန်းကျင်လောက်ထပ်တိုးလာလို့ နေထိုင်စားသောက်ရေး အခက်အခဲရှိလာပြီး အလှူရှင်တွေအကူအညီနဲ့ လတ်တလော အခက်အခဲတွေကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်အတွက် နီးစပ်ရာ ပြည်တွင်းပြည်ပ အလှူရှင်တွေကိုချိတ်ဆက်ပြီး အကူအညီတောင်းရပါတယ်၊ စားသောက်စရိတ်အရမ်းများပြီး အသက်ရှင်သန်ဖို့ လိုအပ်နေတာမို့ ပြည်သူတွေဆီကို ကူညီပေးဖို့ တောင်းဆိုလိုပါတယ်” လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေဘက်ကို ညအချိန်တွေဝင်ရောက်ပြီး ညတွင်းချင်းပဲပြန်ထွက်သွားတတ်တာကြောင့် စက်တင်ဘာ( ၃) ရက်နေ့နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

လတ်တလောစစ်တပ်က စစ်ကြောင်းထိုးလို့ နေရပ်စွန့်ခွာလာရတဲ့ပြည်သူတွေဟာ မြောင်နယ်က နဘတ်၊ ကင်းရွာ၊ ဘူးကိုင်း၊ သရက်သာ၊ သရက်တော၊ ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲ၊ ဆင်မင်းရွာ စတဲ့ကျေးရွာတွေက ပြည်သူ တွေပါဝင်ပါတယ်။

စစ်ကောင်စီတပ်တွေက ရွာတွေထဲ စစ်ကြောင်းထိုးတဲ့အချိန် ဒေသခံတွေက အကြမ်းဖက်ဖမ်းဆီးနှိပ်စက်ပြီး စစ်ဆေးမေးမြန်းတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေရှိတဲ့အပြင် နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားတာတွေလည်း လုပ်လေ့ရှိပါတယ်။

မနေ့က စက်တင်ဘာ (၄) ရက်ကလည်း ဘူးကိုင်းရွာကို စစ်ကြောင်းထိုးချိန် ဖမ်းမိသူတဦးကို စစ်တပ်က ရိုက်နှက် နှိပ်စက်ထားတာတွေ့ရတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနေ့က ပန်းညိုရွာဝင်တာကတစ်ကြောင်း၊ ညဘက် ဘူးကိုင်းဝင်တာက တစ်ကြောင်းပါ၊ဘူးကိုင်းမှာ ဖမ်းမိထားတဲ့တစ်ယောက်က အရိုက်လွန်သွားတယ်၊ အခုခွေးတွေက နာရေးကား ပေါ်တင်နေတယ်၊ သေမသေမသိရသေးဘူး” လို့ သူက ဒီကနေ့မှာ ပြောပါတယ်။