
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်းရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဦးပဉ္ဇင်းတစ်ပါး လက်နက်ကြီး အစမှန်ပြီး ဒဏ်ရာရတဲ့အပြင် အဆောင်အအုံ တစ်ချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
တောင်ကြာအင်း ရွာအနီးမှာ စက်တင်ဘာ (၄) ရက် မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ အဲ့ဒီဒေသထဲလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ အသေးစားတိုက်ပွဲတခုဖြစ်အပြီးမှာ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံကတွေက ပြောပါတယ်။
“ရွာဘက်ကို လက်နက်ကြီးနဲ့ပစ်တာ၊ ဦးဇင်းတစ်ပါးပေါင်ကို လက်နက်ကြီး အစမှန်သွားတယ်၊ ညနေ ငါးနာရီကျော်မှာ ပစ်တာရပ်ပြီး ဒေသခံတွေလည်း ဘေးလွတ်တဲ့နေရာကို ပြေးကြတယ်၊ တစ်ချို့ကလည်း ရွာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရခဲ့သူတွေဟာ ဗိုလ်မှူးနှစ်ဦးနဲ့ တပ်သားတဦးဖြစ်ပြီး ဒဏ်ရာပြင်းထန်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဘယ်အဖွဲ့ဆိုတာတော့ မသိရသေးပါဘူး။
စစ်တပ်က အခုလိုရွာထဲကို ရမ်းသမ်းပစ်ခတ်တာကြောင့် နေအိမ်တချို့နဲ့ ရွာလယ်ခန်းမတွေ ထိခိုက်ပျက်စီးခဲ့ပြီး ပစ်ခတ်မှုတွေထပ်ရှိလာမှာ လူတွေထိခိုက်ကြမှာကို ရွာခံတွေက စိုးရိမ်နေကြပါတယ်။
အဲ့ဒီလို တိုက်ပွဲနဲ့ ပစ်ခတ်မှုုတွေဖြစ်အပြီး ဒီနေ့စက်တင်ဘာ (၅) ရက် မနက်ပိုင်းမှာ တောင်ကြာအင်းရွာနားက ကိုးတိုင်ကျေးရွာဘက်မှာ စစ်ကောင်စီဘက်က စစ်ကားခုနစ်စီးနဲ့ အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။