တိုင်ဖွန်းမုန်တိုင်း Hinnamnor ချဉ်းကပ်လာချိန် စက်တင်ဘာ ၄ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်းရှိ မြို့ကြီးတွေမှာ ကူးတို့သင်္ဘော ပြေးဆွဲမှုတွေ ရပ်ဆိုင်းထားရပြီး ဂျပန်နိုင်ငံမှာလည်း လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။
Hinnamnor တိုင်ဖွန်းမုန်တိုင်းက အခုနှစ်မှာ ကမ္ဘာအပြင်းထန်ဆုံး မုန်တိုင်းဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ဆိုထားပါတယ်။ အဲဒီမုန်တိုင်းလမ်းကြောင်းတလျောက်မှာ ထိုင်ဝမ်ကိုလည်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
ရှန်ဟိုင်းမှာ ကူးတို့သင်္ဘော ပြေးဆွဲတာကို ရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီပေးဖို့နဲ့ အန္တရာယ်ရှိတဲ့နေရာတွေကနေ ဒေသခံတွေကို ကယ်ထုတ်ရေး ရဲတပ်ဖွဲ့ဝင် ၅ သောင်းကျော်ကိုလည်း နေရာချထားပါတယ္။
Wenzhou မြို့ရဲ့ အရှေ့ဘက်စီးပွားရေးအချက်အချာကျတဲ့ လုပ်ငန်းအားလုံးကိုလည်း စက်တင်ဘာ၅ရက်နေ့မှာ ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
Hinnamnor က တစ်နာရီကို အမြင့်ဆုံး လေတိုက်နှုန်း ၁၇၅ ကီလိုမီတာ (၁၀၉ မိုင်) နဲ့ အရှေ့တရုတ် ပင်လယ်ထဲကို တဖြည်းဖြည်း ရွေ့သွားမယ်လို့ ဟောင်ကောင် စောင့်ကြည့်လေ့လာရေးဌာနက ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာနကတော့ အဝါရောင်တိုင်ဖွန်းမုန်တိုင်းသတိပေးချက်ကို စက်တင်ဘာ ၄ရက် နံနက် ၁၀ နာရီကတည်းက ထုတ်ပြန်ထားတာ ဖြစ်ပြီး Zhejiang ပြည်နယ် အရှေ့မြောက်ပိုင်း၊ ရှန်ဟိုင်းနဲ့ ထိုင်ဝမ်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သတိပေးထားတာလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းမှာလည်း ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖိုနဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းဖို့ အမိန့်ပေးထားပြီး ကိုရီးယားကျွန်းဆွယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အိုကီနာဝါနဲ့ အနီးနားမှာရှိတဲ့ ကျွန်းတွေနဲ့ ကျူရှူးကျွန်း တောင်ပိုင်းရဲ့အဓိက ဒေသတွေကို ချိတ်ဆက်ထားတဲ့ လေကြောင်းခရီးစဉ် ၁၀၀ကျော်ကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။