တပတ်တာ နွေဦးပုံရိပ်လွှာ

အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်…။မြန်မာ့ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်သူအပေါ်  အကြမ်းဖက် စစ်တပ်က နောက်ဆုံး ထပ် တိုးချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။”အလုပ်” နဲ့ ထောင်ဒဏ်သုံးနှစ်ပါ။

အခုဆိုရင် နေပြည်တော်အခန်းကျဉ်းကလေးထဲက အထီးကျန် နိုဘယ်ဆုရှင်အပေါ် စစ်အုပ်စုက အငြှိုးတကြီးနဲ့ ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၂၀နှစ်အထိရှိလာပါပြီ။”အလုပ်”နဲ့ ဆိုတာကိုတော့ စစ်အုပ်စုကသူတို့မုန်းတဲ့ ဒီမိုကရေစီခေါင်းဆောင်အတွက်  “အပိုဆု” လို့ ယူဆကြမယ့်ပုံပါ။

ဒီထောင်ဒဏ်နှစ် ၂၀ဆိုတာလည်း စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို လူထုမြင်ကွင်းက အပြီးတိုင် ကွယ် ပျောက်သွားစေရေး စီမံချက်ရဲ့ အဆုံးသတ်မဟုတ်သေးပါဘူး။ထပ်ပြီး ရင်ဆိုင်ရမယ့် အမှု ရှစ်မှု အထိ ကျန်နေ သေးတာပါ။

အစကတည်းက မဟုတ်တမ်းတရားစွပ်စွဲချက်တွေနဲ့ လုပ်ကြံလီဆယ်အမှုဆင်၊ကြိုတင်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ ရွတ်ပြနေမယ့် စစ်ဖိနပ်အောက်က တရားခွင်မှာ တရားမျှတမှုဆိုတာလည်း ဘာမှန်းမသိတော့တာ ကြာခဲ့ပြီ မ ဟုတ်လား။နောက်ထပ် ထောင်ဒဏ်ဆိုတာတွေကို ကြားကြရဖို့ပဲ ရှိပါတယ်။

ဒါပေမယ့် အခုလို ဥပဒေအရလို့ တွင်တွင်အော်ပြီး လူထုခေါင်း‌ဆောင်တွေနဲ့ လူထုတရပ်လုံးအပေါ် ဖိစီးနှိပ်စက်ရာ မှာပါဝင်သူတွေအားလုံးကို မင်းအောင်လှိုင်နဲ့တန်းတူ သမိုင်းတရားခံတွေအဖြစ်လူထုကမှတ်သားထားမှာကိုတော့ မမေ့မလျော့ရှိကြရမှာပါ။

လက်တွေ့မှာလည်း တကယ်မမေ့မလျော့နဲ့ စစ်ကောင်စီအောက်ဆွဲ ဥပဒေဝန်ထမ်းဆိုသူတွေနောက် ထပ်ချပ်မ ကွာ လိုက်နေသူတွေ ရှိနေကြပါပြီ။တရားရုံးတွေကိုဖောက်ခွဲတိုက်တာတွေအပြင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရန် ကုန်အင်းစိန်ထောင်က ထွက်လာတဲ့ လှည်းကူးက တရားသူကြီးနဲ့အဖွဲ့ ပစ်ခတ်ခံရတာက သက်သေပါ။

ဒီလိုဆိုတော့လည်း တချို့က ဆိုကြပြန်ဦးမယ်..။ပြောလည်းပြောနေကြတာပါပဲ။ “လက်နက်ကိုင်လူသတ်နေ တာချင်း အတူတူပဲမလား”လို့ …။စစ်အာဏာရှင်စနစ်မလိုလားတဲ့ မြန်မာပြည်သူတိုင်းဟာ တတ်နိုင်တာ ထက် ပိုပြီးတော့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အနာခံတောင်းဆိုခဲ့ကြပြီးပါပြီ။

စိတ်ကြိုက်သတ်ဖြတ်ခွင့်ရထားတဲ့လက်နက်ကိုင်တွေရှေ့ လက်ဗလာရင်ကော့ခေါင်းမော့နဲ့တိုးဝင်ပြခဲ့သလို ဘာ ကိုမှမကာကွယ်နိုင်တဲ့ လက်လုပ်ဒိုင်းကာလေးတွေနဲ့လည်း ကြံ့ကြံ့ခံပြခဲ့ပြီးပါပြီ။ရွေးချယ်စရာမရှိတဲ့အဆုံး လက် နက်ကိုင်တော်လှန်ရေးအဆင့်အထိ တက်လှမ်းလာရတာဖြစ်တယ်ဆိုတာ အထင်အရှားရှိနေခဲ့ပြီးသားပါ။

ပြည်သူတွေဘက်က အဲ့ဒီလိုပြောင်းလဲလာသလို စစ်အုပ်စုဘက်ကလည်း ပြောင်းလဲသွားခဲ့ပါပြီ။ ပြည်သူတွေ ငြိမ်းချမ်းတဲ့နည်းလမ်းကိုဆုပ်ကိုင်ခဲ့ချိန်က “သေရဲတဲ့ကောင်ထွက်ခဲ့”လို့ စိန်ခေါ်ခဲ့သူတွေဟာ လက်နက်ကိုင် ချင်းတိုက်ခိုက်ရချိန်မှာတော့ သူတို့ရဲ့အကြောက်တရားကိုသိုသိပ်ဖုံးကွယ်ထားဖို့ မတတ်နိုင်တော့ဘူး။

မြို့ပြလူကြားသူကြားထဲမှာတောင် အခိုင်အမာခံတပ်တွေထဲတိုးဝင်ပုန်းကွယ်နေရတဲ့ “အများနဲ့ မသက်ဆိုင် သော သူ” တွေဖြစ်လာကြတယ်။တောတွင်းနဲ့ကျေးလက်မှာ လက်နက်ချင်းရင်ဆိုင်တိုက်ခိုက်ရပြန်တော့ လက်နက်မဲ့ အ ရပ်သားတွေကို ရန်လုပ်၊သတ်ဖြတ်၊မီးလောင်တိုက်သွင်းသူတွေအဖြစ် ခေတ်အဆက်ဆက်က ဖုံးကွယ်ထားတဲ့ ဟန် ဆောင်သရုပ်တွေ ဘူးပေါ်သလို ပေါ်လာနေကြတယ်။

ဒီသီတင်းပတ်ထဲက သတင်းတချို့ကိုပဲကြည့် “စစ်ကိုင်းမူးမြစ်ကမ်းဘေးရွာများကို စစ်တပ်မီးရှို့၊လူငယ် တဦး အ သတ်ခံရ”၊”ရွှေကျင်တွင် စစ်တပ်၏လက်နက်ကြီးကြောင့် ရွာခံနှစ်ဦးသေဆုံး၊သုံးဦးဒဏ်ရာရ” “ကနီမြို့တိုက်နယ် ဆေးရုံမှ ဆေးနှင့်ဆေးပစ္စည်းများကို စစ်တပ်ဖျက်ဆီး”

ခေါင်းစဉ်နဲ့တင် စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှုတွေ ကိုမြင်သာစေတဲ့ ဖြစ်စဉ်တွေပေါ့။

ဒါဟာ သီတင်းပတ်တခုအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေထဲက တချို့သာြဖစ်တယ်။ နွေဦးတော်လှန်ရေး အပေါ် ပဲစစ်တပ်က ဒီလိုကြမ်းကြုတ်သလားဆိုတော့ မဟုတ်ဘူး။ရခိုင်ပြည်နယ် မြောက်ဦးက သတင်းအပိုင်း အစတခု ကလည်းဒီလိုပါ။

“AAနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပြီး မြို့ပေါ်သို့ လက်နက်ကြီးကျခဲ့သည့်အပြင် တိုက်ပွဲဧရိယာအတွင်း မရှိ သော မြို့အနောက်ဘက်ကျေးရွာတခုအတွင်း လက်နက်ကြီးကျ၍ အသက်လေးနှစ်အရွယ်ကလေးနှင့် အမျိုး သမီး ကြီးတဦးတို့ သေဆုံးခဲ့သည်” တဲ့…။

အာဏာသိမ်းဖို့ ကြိုတင်ပြင်ဆင်နေပြီဖြစ်တဲ့ စစ်ကောင်စီက ၂၀၂၀ရွေးကောက်ပွဲမတိုင်မီမှာ AA ကို မျက်နှာချို သွေးခဲ့တယ်။လွန်ခဲ့တဲ့လပိုင်း၊ရက်ပိုင်းအထိ မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့တာ သူတို့မဟုတ်တဲ့အတိုင်း “ရွေးကောက်ပွဲ ရှိလို့ အပစ်ရပ်ကြစို့”ပေါ့….။

ဟော…ခုတော့လည်း စစ်ဘီလူးသရုပ်က ကြာကြာဖုံးမရ၊ပေါ်လာတာပါပဲ။ဒီတော့ဘာြဖစ်လဲ၊စစ်အုပ်စုအောက်ဆွဲ အောက်ခြေကငတိတွေဘဝပြောင်းကြပေါ့…။ ဘင်္ဂလာဒေ့ရှ်နယ်စပ် မိုင်တိုင်(၄၀)က နယ်ခြားစောင့်စခန်းကို AA က တလ လောက်ကြာအောင်ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာ စစ်ခေါင်းဆောင်တွေလည်းသိနေခဲ့တာပဲ။

လိုအပ်တဲ့ ထောက်ပို့တွေ ထိထိရောက်ရောက်မလုပ်ခဲ့။မလုပ်နိုင်ခဲ့။ခုတော့ AA က တိုက်ခိုက်သိမ်းပိုက်လို့ကုန်ပြီ။ စခန်းတင်မဟုတ် စခန်းထဲက စစ်အုပ်စုအောက်ဆွဲတွေလည်း ကုန်ပြီဆိုတာ AA က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန် ပေးတာ မဟုတ်လား…။

ဒီတော့လည်း စစ်အုပ်စုလော်ဘီတွေက သေသူတွေကိုမူတည်လို့ စိတ်ကူးယဉ် ဒရာမာဇာတ်လမ်းလမ်းတွေနဲ့ မျက် ရည်ချူကြပေါ့။စစ်ဘီလူးသရုပ်ကို လူထုက ကောင်းကောင်းမရိပ်မိခဲ့တဲ့ လောက်ကိုင်တို့၊ပြည်သူ့အစိုးရ အကာ အ ကွယ်အောက်က အရင်ရခိုင်တိုက်ပွဲတို့တုန်းကတော့ ပြည်သူတွေ Heart ထိခဲ့ကြတဲ့ ဇာတ်လမ်းတွေပေါ့။

အခုတော့ အဲ့ဒီ ဒရာမာဇာတ်လမ်းတွေဟာ ဖေ့စ်ဘွတ်ခ်မှာ “ဟဟ” ပေးစရာကလွဲလို့ လူထုအတွက် တခြားဘာ အဓိ ပ္ပါယ်မှရှိမနေတော့…။ခုတော့စစ်တပ်ဟာ စခန်းသိမ်းခံလိုက်ရတဲ့ ရခိုင်မှာ “မကောင်းသူထိပ်၊ကောင်းသူထိပ်” ထိချင်ရာထိ ဆို လေယာဉ်နဲ့ ဗုံးကျဲပြပြီး စစ်လော်ဘီတွေရဲ့ ဝေဖန်သံတွေကို ချွေးသိပ်နေလေရဲ့….။

ရခိုင်ကနေ နယ်နိမိတ်ချင်းထိစပ်တဲ့ ချင်းတောင်တန်းတွေဘက် မျှော်ကြည့်ပြန်တော့ သတင်းတပုဒ်က ဒီလို…။

“ဟားခါးမြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြု”  တဲ့…။

ဟားခါးမြို့နားစစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်အပြီးမှာ နောက်ထပ် တိုက်ခိုက်မှုမခံရစေဖို့ လမ်းက တွေ့ကရာ ပြည်သူတွေကို ဖမ်းခေါ် စစ်ကြောင်းထဲ ညှပ်ပြီးလိုက်ပါစေသတဲ့…။

သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ စစ်တပ်နဲ့ ဗိုလ်ကြီးတို့ တပ်က မတူကြဘူးလားလို့ မေးချင်စရာပါ….။

ကရင်နီပြည်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ကတော့ သူတို့ရဲ့ ဩ ဂုတ်လဝက်စာ ရီပို့ကတ်ကလေးထုတ်တယ်။

ဖရူဆို-ဒီမောဆို လမ်းမကြီးပေါ်မှာ ဩဂုတ်လ ထဲဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စနိုက်ပါ ခြောက်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်သေသတဲ့…။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့၊ KNDG Sniper အဖွဲ့၊အလယ်ပိုင်းတိုင်း (၁၁၀၁)တပ်ဖွဲ့၊ KA တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီ ရီပို့ကတ်ကလေးကြည့်ပြီး မုန့်ဟင်းခါးပွဲခြောက်ဆယ်ကျော်ဟေ့လို့ လက်ခမောင်းခတ်ချင်သူဆိုရင်တော့ တဆက်တည်း သိသင့်တာလေးလည်းရှိသေးတယ်။လက်ရှိပေါက်ဈေးတွေအရ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့က အသုံးပြုနေတဲ့ Sniper ကျည်တတောင့် ကျပ်တသိန်းနှစ်သောင်းဆိုတာလေ…။

စစ်ပွဲဆိုတာ ဈေးကြီးတယ်မဟုတ်လား…။ကျည်တတောင့် ကျပ်တသိန်းနှစ်သောင်းဆိုတာနဲ့တင် တော်လှန်ရေး အဖွဲ့တွေ ဘယ်လို ခက်ခက်ခဲခဲ ပွဲတွေကနေရသလဲ မြင်သာမှာပါ။ဆိုလိုတာကတော့ မုန့်ဟင်းခါး များများစားချင် သူတွေ မုန့်ဟင်းခါးချက်ဖို့ အရင်းများများစိုက်ကြပေါ့..။

နွေဦးတော်လှန်ရေးအကြောင်းပြောရင် စစ်ကိုင်းဟာ မပါမဖြစ်…။လက်နက်မဲ့ လမ်းပေါ်သပိတ်တိုက်ပွဲတွေကနေ လက်ရှိ လက်နက်ကိုင် တော်လှန်ရေးတွေအထိ စစ်ကိုင်းဟာ နွေဦးရဲ့ ဝိဉာဉ်တခုလို ပါဝင်ခဲ့တာမဟုတ်လား…။ ဒီတပတ်တော့ စစ်ကိုင်းက ဝက်လက်မြို့ကလေးမှာနားကြရအောင်ပါ။

ဒါပေမယ့် ဒီတခေါက် စစ်ကိုင်းက အကြောင်းကတော့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ အကြောင်း မဟုတ်..။သတင်းကဒီလို…။

“ဝက်လက်တွင် ခရိုင် PDF နှင့် ဒေသခံကာကွယ်ရေး အဖွဲ့တခုအပြန်အလှန်ပစ်ခတ်”

သတင်းတွေအရ NUG လက်အောက်ခံ ခရိုင် PDF နဲ့ ဝက်လက်အရှေ့ပိုင်းက ဗိုလ်ကျားကြီး တပ်ဖွဲ့တို့ ပစ် ခတ်ခဲ့ ကြပြီး ဗိုလ်ကျားကြီး အဖွဲ့ဘက်က နှစ်ဦးကျဆုံးခဲ့တယ်လို့ဆိုပါတယ်။ပစ်ခတ်မှုဖြစ်ကြတဲ့ အကြောင်းအရင်းက ကွဲ လွဲမှုတွေရှိလို့ ဒီနေရာမှာတော့ချန်ခဲ့ပါမယ်။

ဒီပစ်ခတ်မှုဟာ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေး အဖွဲ့အစည်းတွေအချင်းချင်းကြား သဘောထားကွဲလွဲ အမြင် မတူ၊ရပ်တည်ချက်မတူတာကနေ ဖြစ်ရတဲ့ ပထမဆုံးရန်လိုမှုဖြစ်စဉ်တခုမဟုတ်ပါဘူး။စစ်ကိုင်း၊မကွေးအညာတ ခွင်ဟာ နယ်မြေကြီးမား ကျယ်ပြန့်သလို  တော်လှန်ရေးအဖွဲ့တွေလည်းအများအပြားရှိနေတာပါ။

ဒီအနေအထားကြောင့်ပဲ စစ်ကောင်စီဘက်က ထိုးနှက်ရခက်တဲ့ ဒေသဖြစ်နေသလို လက်နက်ကိုယ်စီနဲ့ဖြစ်လာတဲ့ တော်လှန်ရေး အင်အားစုတွေကြားအချင်းချင်း ရန်လိုတဲ့ကိစ္စတွေကလည်း မကြာမကြာထွက်ပေါ်လာတတ်တာ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကာလမို့ လက်နက်ကိုင်တော်လှန်သူတွေ အများအပြားပေါ်ပေါက်လာတာ အင်အား တခုလို့ဆိုရမှာြဖစ်ပေမယ့် ဒေသကြီးတခုလုံးကို စည်းနှောင်နိုင်ဖို့ကတော့ နိုင်ငံရေးအရပေါင်းစည်းမှုတွေရှိ ဖို့လို အပ်မှာပါ။

ဒီလို မစုစည်းနိုင်သမျှ အချင်းချင်း ဝိဝါဒကွဲပြားပြီး ရန်လိုမှုတွေရှိနေသမျှတော့ စစ်ကိုင်းလွင်ပြင်ဆီက အချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုတွေအကြောင်း ရှေ့ဆက်ကြားနေကြရဦးမှာပါ။

စစ်ကိုင်းတင်မက တနိုင်ငံလုံးက လက် နက်ကိုင်တိုက်ပွဲဝင်နေသူအနေနဲ့ လူထုလွတ်မြောက်ရေး အတွက်တိုက် ပွဲဝင်နေတယ်ဆိုတဲ့အချက်ကို မမေ့မ လျော့နှလုံးသွင်းပြီး ပြည်သူကိုသာမျက်နှာမူကြရင်တော့ အချင်းချင်း အ ကြားက ပဋိပက္ခတွေကို လျှော့ချနိုင်ပါလိမ့်မယ်။

သေချာတာကတော့ လူထုတရပ်လုံးက နွေဦးကို ပုံအော လောင်းကြေးထပ်နေကြတာဟာ အချင်းချင်း တိုက်ခိုက် သတ်ဖြတ်မှုတွေကို ကြားရ၊မြင်ရဖို့ မဟုတ်တာပါပဲ….။