ဖရူဆို-ဒီမောဆိုလမ်းမကြီးပေါ်မှာ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်သေ

Photo – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့

ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ ဖရူဆို-ဒီမောဆို လမ်းမကြီးပေါ်မှာ ဩဂုတ်လထဲဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖရူဆို-ဒီမောဆို လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဩဂုတ်လ (၁၆) ရက်က (၃၁) ရက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းကို NUG ရဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာ နှစ်ရက်မှာ ထုတ်ပြန်တာပါ။

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက အရာရှိ တစ်ဦးနဲ့ စနိုက်ပါခြောက်ဦးအပါ အဝင်စုစုပေါင်း (၆၁) ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး Sniper အဖွဲ့၊ KNDG Sniper အဖွဲ့၊ အလယ်ပိုင်းတိုင်း (၁၁၀၁) တပ်ဖွဲ့၊ KA တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

အခုလက်ရှိမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်းအင်အားအများအ ပြား နဲ့ထိုးစစ် ဆင်နေတာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ဆက်လက်ခုခံတိုက်ခိုက်နေရတယ်လို့ သိရပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ထိခိုက်ကျဆုံးမှုမရှိပေမဲ့ ခုလက်ရှိငွေဈေးတွေကြောင့် စနိုက်ပါကျည်ဝယ်နိုင်ဖို့ ခက်ခဲနေတယ်လို့လည်း အထူးစစ်ဆင်းရေးအဖွဲ့က ထုတ်ပြောထားပါတယ်။

လက်ရှိပေါက်ဈေးတွေအရ ပူးပေါင်းအဖွဲ့က အသုံးပြုနေတဲ့ Sniper ကျည်တတောင့် ကျပ်တသိန်းနှစ်သောင်းအထိ ရှိနေပြီး ကျည်လိုအပ်ချက်ရှိနေတာလို့ ကူညီပေးကြဖို့လည်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။