မင်းတပ်မြို့နယ်က စာသင်ကျောင်းတွေမှာ စာရေးကိရိယာပြတ်လပ်

Photo- CJ
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ဩဂုတ် လဆန်းပိုင်းကစပြီး သင်ထောက်ကူ ပစ္စည်းတွေ ပြတ်လပ်နေပြီလို့ မင်းတပ်မြို့နယ် ပညာရေး ဘုတ်အဖွဲ့ဝင် ဆရာပီတာက DNA ကို ပြောပါတယ်။
“ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဆရာကိုင်စာအုပ်နှင့် အခြားအရေးကြီးတဲ့သင်ထောက်ကူပစ္စည်းတွေ ပြတ်လပ်နေပါပြီ၊ လုံလောက်တဲ့ ဘတ်ဂျက်မရှိတဲ့အတွက် မြို့နယ်ပညာရေးဘုတ်အဖွဲ့တစ်ခုတည်းက ဒီအကြပ်အတည်းကို မဖြေရှင်းနိုင်တော့ပါဘူး၊ ဒါကြောင့် ပြည်သူ့အစိုးရဖြစ်တဲ့ NUG အနေနဲ့ ယခုပညာသင်နှစ်မပြီးခင် အမြန်ဆုံး ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးဆောင်ဖွင့်လှစ်တဲ့ ကျောင်းပေါင်း ၁၈၆ ကျောင်း၊ KGတန်း ကနေ အလယ်တန်းအထိ ကျောင်းသား/ကျောင်းသူ တသောင်းကျော် တက်ရောက်ပညာသင်ယူနေတယ်လို့ သိရပါတယ်။
အဲဒီကျောင်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ တခြားစေတနာ့ ဝန်ထမ်းဆရာ ၊ ဆရာမ တထောင့်သုံးရာကျော်က မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး နဲ့ တိုင်းရင်းသား ဘာသာရပ်တွေကို အဓိကထား သင်ကြားပေးနေကြပါတယ်။