ချင်းပြည်နယ် မတူပီမြို့နယ်မှာ ရာသီဥတုဖောက်ပြန်လို့ ကျေးရွာတချို့က တောင်ယာတွေ ထိခိုက်ပျက်စီးမှုဖြစ်နေ တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“မိုးကလည်း သိပ်မရွာ၊ ရာသီဥတုလည်း ဖောက်ပြန်တော့ စပါးပင်တွေလည်း သေကုန်တယ်၊ ပိုးတွေလည်းကျ စပါးပင်တွေလည်း ပျက်စီးလာတော့ စိတ်ရှုပ်ရတယ်၊ နောက်ထပ်မလုပ်ချင်တော့အောင် စိတ်ပျက်ရတယ်”လို့ မတူပီမြို့က တောင်သူတဦးက ပြောပါတယ်။
မတူပီမှာ အရင်တုန်းက ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကိုအဓိက လုပ်ကိုင်ခဲ့ပေမယ့် “ဝ” ဥ စိုက်ပျိုးရေး လုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်ခဲ့ကြတာ ဆယ်စုနှစ်တခုကျော်လောက်ကြာခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ “ဝ” ဥ ဈေးကွက်ပျက်ပြီး ရောင်းမရတဲ့အထိ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ လက်ကိုင်နက် ပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး ဆန်ဈေး ကြီးမြင့်လာတာ၊ ဆန်ရှားပါးလာတာတွေကလည်း မတူပီဒေသခံတွေ ရွှေ့ပြောင်းတောင်ယာ ပြန်လုပ်ကိုင်ကြရတဲ့ အချက်တချက်ဖြစ်တယ်လို့ မတူပီမြို့ခံ အခြားတောင်သူတဦးကလည်း ပြောပါတယ်။
အဲ့ဒါကြောင့် ရွှေပြောင်းတောင်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ရာမှာလည်း ရာသီဥတုဖောက်ပြန်ပြီး ပိုးကျလို့ တောင်ယာတွေပျက်စီးပြီး အခက်တွေ့နေကြရတာလို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။
“စပါးပင်တွေပိုးကျပြီး သေကုန်တယ်၊ ပြောင်းဖူးတွေလည်း ပိုးထိုးတယ်၊ စပါးပင်ပင်စည်မှာကိုပဲ ပိုးတွေကျပြီးတော့ အပင်တွေခြောက်လာတယ်၊ ဒါကြောင့် စပါးပင်တွေ မသေခင် ပိုးသတ်ဆေးဖြန်းနိုင်ရင် ကောင်းလာမယ်ထင်တယ်၊ပိုးသတ်ဆေး၀ယ်ဖို့လည်း တော်တော်ခက်ခဲနေတယ်” လို့ ဒေသခံ တောင်သူတဦးက ပြောပါတယ်။