ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်စျေးနှုန်းမြင့်တက်တဲ့ ဂယက်ကြောင့် တောင်သူတွေလည်း အခက်တွေ့နေရပြီး စပါးအထွက်မကောင်းနိုင်ဘူးလို့ ဧရာဝတီတိုင်းက တောင်သူတချို့က DNA ကိုပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ ဓာတ်မြေသြဇာစျေးနှုန်းတွေက တအားကို မြင့်နေတာ၊ နောက်ပြီး ပေါင်းသတ်ဆေးတွေ မသုံးနိုင်ဘူး၊ လုပ်သားခေါ်ပြီး ပေါင်းနှုတ်ရအောင်ကလည်း ငွေကြေး အခက်အခဲတွေရှိတယ်” လို့ ကျုံပျော်မြို့က တောင်သူ ဦးမြမောင်က ပြောပါတယ်။
အရင်တုန်းက တအိတ် ကျပ်ငါးသောင်းပေးရတဲ့ ဓာတ်မြေသြဇာဟာ အခု တအိတ်ကို ကျပ်တသိန်း သုံးသောင်းလောက်အထိ စျေးတက်လာတဲ့အပြင် ဓာတ်ဆီ တစ်ဂါလံ ၃၂၀၀ ကနေ ၁၂၀၀၀ လောက်အထိ ဖြစ်လာလို့ တောင်သူတွေအနေနဲ့ အခက်အခဲ ဖြစ်လာကြတယ်လို့ သူကဆိုပါတယ်။
အဲ့ဒီလို စက်သုံးဆီစျေးမြင့်လာတာကြောင့် စပါးရိတ်ခြွေခတွေလည်း မြင့်လာပြီး ကုန်ကျစရိတ်တွေ များလာတဲ့အပြင် လုပ်သားရှားပါးမှုပြဿနာနဲ့လည်း ရင်ဆိုင်နေရတယ်လို့ လယ်ဧက (၂၀) ကျော်လုပ်ကိုင်နေတဲ့ တောင်သူ ဦးမြင့်ဆွေက ပြောပါတယ်။
“အခုနှစ် အလုပ်သမားတောင် ငှားလို့မရဘူး၊ ပြည်ပ ထွက်ကုန်တာများတယ်၊ ဦးကြီးတို့ စပါးအထွက်နှုန်းကလည်း မျှော်မှန်းလို့မရဘူး၊ အစာ (ဓာတ်မြေသြဇာ) ကျွေးနိုင်ရင်တော့ အထွက်နှုန်းကောင်းမှာပေါ့” လို့ သူကပြောပါတယ်။
လက်ရှိ နိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေ၊ စက်သုံးဆီ စျေးမြင့်မှုနဲ့ ရာသီဥတု ဆိုးရွားတာတွေကြောင့် တောင်သူတွေအနေနဲ့ လယ်ယာ လုပ်ကိုင်ခွင့်မရတာ၊ လယ်ယာမြေတွေ ပျက်စီးတာ စတဲ့ အခြေအ နေတွေလည်း ရှိနေတာပါ။
ဧရာဝတီတိုင်းကတော့ တောင်ယာလုပ်ကိုင်ခွင့်မရတဲ့ အခြေအနေအထိ တိုက်ပွဲဖြစ်တာမရှိပေမယ့် ကုန်စျေးနှုန်းနဲ့ စက်သုံးဆီဂယက်ကြောင့် တောင်သူတွေ အခက်တွေ့နေကြရတာလို့ ဆိုပါတယ်။
“ဘာမှမတတ်နိုင်တော့ဘူး လယ်မြေတွေကို ငွေရှိတဲ့လူတွေရဲ့ လက်ထဲထိုးအပ်ရမလို ဖြစ်နေပြီ၊ တော်တော်ခက်ခဲနေတယ်ဗျ” လို့ ကျုံပျော်မြို့က တောင်သူ ဦးမြမောင်က ဆိုပါတယ်။