တမူးမြို့မှာ သြဂုတ်လအတွင်း အသတ်ခံရတဲ့ ပြည်သူ ခုနစ်ဦးအထိရှိလာ

Photo – CJ

တမူးမြို့နဲ့ မြို့အနီးဝန်းကျင်မှာ သြဂုတ်လအတွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့ပြည်သူ (၇) ဦးအထိရှိလာပြီး ​ဖြစ်ပွားခဲ့တဲ့နေရာတွေဟာ ပျူစောထီးတွေ ကြီးစိုးတဲ့နေရာတွေဖြစ်တယ်လို့တမူးမြို့ခံတွေက DNA ကိုပြောပါတယ်။

“တမူးမှာ လူသတ်တာ ထမင်းစားရေသောက် အဆင့်ဖြစ်နေပြီ၊ လုယက်တာ၊ ရိုက်နှက်တာကတော့ သရေစာစားသလောက်ပဲ၊ တော်တော့ကို ဆိုးဝါးသွားပြီ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

သြဂုတ်လ ၂၂ ရက်တရက်တည်းမှာပဲ တမူးမြို့မှာ လူသုံးဦးအသတ်ခံခဲ့ရပါတယ်။ အဲ့ဒီ​နေ့မနက်ပိုင်းက မျက်နှာကိုအဝတ်စည်းထားတဲ့ ရုပ်အလောင်းတစ်လောင်း တမူးမြို့တောင်ဘက်အထွက် လမ်းမကြီးပေါ်မှာ တွေ့ရှိရပြီး ညပိုင်းမှာ​တော့ မင်းသာရွာသား ကိုမျိုးသက်နဲ့ လှည်းဆိပ်ရွာသားကိုနေဆန်းတို့ တမူးမြို့နဲ့(၁၅) မိုင်ဝန်းကျင်အကွာ မင်းသာရွာအနီးမှာ သတ်ဖြတ်ခံရ​ပြီး ကားကိုလည်း မီးရိူ့သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ သေဆုံးသူနှစ်ဦးကို သတ်ဖြတ်တဲ့တရားခံကို အတိအကျ မသိပေမယ့် အဲ့ဒီနေ့ညနေက မင်းသာရွာနားမှာ ပျူစောထီး (၆) ဦးလက်နက်ကိုယ်စီနဲ့ ရှိနေကြတာကို မြင်ခဲ့ရတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်မိုရေးနဲ့ နန်းဖာလုံကြားမှာ ပျူစောထီးတွေက ရိုက်နက်ပြီး ဆိုင်ကယ်လုယူခံရတဲ့ ကိုမင်းလွင် (ခ) ကိုပိန်းပိန်း သြဂုတ်လ (၁၂) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

သြဂုတ်လ ( ၇) ရက်နေ့ကလည်း ပါဟဲတံတားနားမှာ လူနှစ်ယောက်ယောက်သေနတ်နဲ့ပစ်သတ်ခံရပါတယ်။သေဆုံးသူနှစ်ဦးဟာ PDF တွေလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေက ဖော်ပြကြပေမယ့် မြို့ခံတွေ ကတော့ တောလည်ပြီးပြန်လာတဲ့ တမူးမြို့ အောက်ကျင်းရပ်ကွက်သားနှစ်ဦးကို ပျူစောထီး တွေ ပစ်သတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂ ရက်နေ့ကလည်း တမူးမြို့ပေါ်မှာ စျေးရောင်းပြီးပြန်လာတဲ့ စစ်ဘေးရှောင် ဦးညီညီကို မန်းမော်ကျေးရွာအနီးမှာလက်ပြန်ကြိုးတုပ်ခံထားရ​ပြီးသေနတ်ဒဏ်ရာနဲ့သေဆုံးနေတာကိုတွေ့ခဲ့ကြရပါတယ်။

အဲ့ဒီလိုဥပဒေမဲ့ သတ်ဖြတ်မူတွေကို ကျူးလွန်နေသူ တွေဟာ ဘယ်သူဘယ်ဝါတိတိကျကျ မသိရပေမယ့် အများစုကိုပျူစောထီးတွေကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တမူးကပျူစောထီးမြို့လိုဖြစ်နေပြီ၊သိရင်တောင် ဘယ်သူမှပြောရဲတဲ့ အနေအထားမရှိဘူး” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင်တမူးမြို့မှာ နေ့စဥ်နဲ့အမျှ လုယက်မှုတွေလ ည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲ့ဒီ လုယက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အစောပိုင်းကာလတွေမှာ ရဲစခန်းကို တိုင်​ကြားအမှုဖွင့်တာမျိုး ရှိ​ပေမယ့် ရဲစခန်းကလည်း ဘာမှလုပ်ပေးတာမျိုးမရှိတဲ့အတွက် လက်ရှိမှာ​ မတိုင်ကြတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။