ကုန်ဈေးနှူန်းမတည်ငြိမ်မှုကြောင့် အခြေခံစားသောက်ကုန်ဈေးသည်တွေ အရင်းပြုတ်

ပြည်တွင်းမှာအခြေခံစားသောက်ကုန်တွေ စျေနှုန်းအဆမတန်မြင့်တက်လာပြီး စျေးရောင်းချသူအချို့ ထပ်မံရင်းနှီးဖို့ အခက်အခဲတွေဖြစ်လာနေတယ်လို့ ​စျေးသည်တဦးက DNA ကိုပြောပါတယ်။
“ဖြစ်နိုင်ရင်ဆက်မရောင်းချင်တော့ဘူး။အရောင်းအဝယ်ကလည်းပါးတယ်။အရင်က စျေးကြိုသွားရင် တစ်သိန်းလောက်ဆိုရင် ပစ္စည်းတော်တော်ပါတယ်။အခုတစ်သိန်းကိုင်ပြီးစျေးသွားရင် ဆီအချိန်တစ်ဆယ် တစ်ပုံးပဲပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ပထမအပတ်အတွင်းက စားအုန်းဆီအချိန်တစ်ဆယ်တစ်ပုံးကို ငွေကျပ် (၇၀,၀၀၀)သာရှိခဲ့ပြီး သြဂုတ် ၁၃ရက်နေ့မှာ အချိန်တစ်ဆယ်တစ်ပုံးကို (၉၅,၀၀၀) အထိ မြင့်တက်လာခဲ့တာပါ။
ငွေကြေးဖေါင်းပွမှုကြောင့် ဈေးဆိုင်တွေမှာ ကုန်ပစ္စည်းတွေ ကျုံ့သွားပြီး ၊ ရောင်းချထားတဲ့ ကုန်ပစ္စည်းကို ထပ်ဖြည့်တဲ့အခါမှာ ဈေးတွေတက်နေတာမို့ အခက်တွေ့နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခြေခံစားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ကြက်ဥတစ်လုံးကို ငွေကျပ် (၂၀၀)ကနေ (၂၅၀)ကျပ်၊ကြက်သားမှုန့်တစ်ထုပ်ကို (၁၀၀)ကျပ်ကနေ (၂၀၀)ကျပ်၊ကြက်သွန်အနီတစ်ပိဿာကို (၈၀၀)ကျပ်ကနေ (၁၂၀၀)ကျပ်အထိမြင့်တက်နေပြီး တခြားကုန်ပစ္စည်းတွေလည်း စျေးနှုန်ဆက်လက်မြင့်နေဆဲဖြစ်တယ်လို့ စျေးရောင်းချသူတွေကပြောပါတယ်။
တခြားအခြေခံစားသောက်ကုန်းတွေလည်း စျေးနှုန်းမြင့်တက်နေတာကြောင့် တချို့စျေးရောင်းချသူတွေဟာ နေ့ပြန်တိုးယူပြီး ပြန်မပေးနိုင်တဲ့အခြေအနေကြောင့် ဆိုင်ပိတ်ပြီး တိမ်းရှောင်နေရတယ်လို့လည်း စျေးသည်တွေက ပြောပါတယ်။
“အစ်မတစ်ဆိုင်ကျော်က ကောင်မလေးတွေဆိုရင် ရောင်းမကောင်းတော့ နေ့ပြန်တိုးတွေယူတယ်။ ယူပြီးပြန်မပေးနိုင်ဘူး။ အဲ့တော့နောက်တစ်ယောက်ဆီကထပ်ယူပြီး ပြန်ရင်း ပစ္စည်းစျေးတွေက ထပ်တက်တော့ နောက်တစ်ခါအရင်းထပ်ပြုတ်ပြီး မပေးနိုင်လို့ ဆိုင်ပိတ်ပြီး အတိုးသမားကိုရှောင်နေရတယ်”လို့ အမည်မဖော်လိုသူ စျေးသည်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်မှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာပါ ။ အာဏာသိမ်းစစ်အစိုးရဟာ ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းဖို့အတွက် ငွေစက္ကူတွေကို ရိုက်ထုတ်တဲ့နည်းနဲ့ ဖြေရှင်းနေတဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ဒေါ်လာစျေးတွေမြင့်တက်လာခဲ့ပါတယ်။ သြဂုတ် ၁၄ရက်မနက်ပိုင်းမှာ ပြည်တွင်းဒေါ်လာပေါက်စျေးဟာ အမေရိကန်တစ်ဒေါ်လာကို (၂,၈၂၀)ကျပ်ကနေ (၃,၁၀၀) ကျပ်အထိရှိလာပြီး ရွှေ တကျပ်သားကို (၂၇) သိန်းခွဲအထိ ဈေး စံချိန်တင် မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ် ။