အီဂျစ်ဘုရားကျောင်း မီးလောင်မှုမှာ ကလေးငယ်တွေအပါအဝင် လူလေးဆယ်ကျော်သေဆုံး

Photo – AP

ဩဂုတ်လ ၁၄ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ မနက်ပိုင်း ဝတ်ပြုဆုတောင်းချိန် Coptic Orthodox ဘုရားကျောင်းမှာ အကြီးအကျယ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် မီးခိုးတွေဟာ ခဏလေးနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး အနည်းဆုံး ကလေး ၁၅ ဦး အပါအဝင် ဝတ်ပြုသူ ၄၁ ဦး သေဆုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့  ရဲတပ်ဖွဲ့ဝင် ၄ ဦး အပါအဝင် လူ ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ ဒုတိယထပ်ရှိ လေအေးပေးစက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ Imbaba အလုပ်သမား လူတန်းစား ရပ်ကွက်ရှိ အဲဒီဘုရားကျောင်း မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ လျှပ်စစ်ဝါယာရှော့ဖြစ်ခဲ့တာလို့ပဲ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 “ဝမ်းနည်းစရာ မတော်တဆမှုနဲ့ ပတ်သတ်ပြီး အနီးကပ် စောင့်ကြည့်နေပါတယ်၊ သက်ဆိုင်ရာ ပြည်နယ်အေဂျင်စီတွေနဲ့ အဖွဲ့အစည်းအားလုံးကို လိုအပ်သလို အရေးယူဆောင်ရွက်ဖို့နဲ့ ဒီမတော်တဆမှုနဲ့ သူ့ရဲ့သက်ရောက်မှုတွေကို ချက်ချင်းဖြေရှင်းပေးဖို့ ညွှန်ကြားထားပါတယ်” လို့ သမ္မတ Abdel Fattah el-Sissi က သူ့ရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့သူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို လျော်ကြေး ပေးသွားမှာဖြစ်ပြီး၊ အစိုးရက ဘုရားကျောင်းကိုလည်း ပြန်ဆောက်ပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

အီဂျစ်နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်တွေဟာ နိုင်ငံလူဦးရေ ၁၀၃ သန်းကျော်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး မွတ်စလင်အများစုရဲ့ ခွဲခြားဆက်ဆံမှုကို ကာလရှည်ကြာစွာ ခံစားနေရတာပါ။

ဩဂုတ် ၁၄ ရက်နေ့ မီးလောင်ကျွမ်းမှုဟာ အီဂျစ်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပြီး ဘေးကင်းရေး စံနှုန်းတွေနဲ့ မီးသတ်စည်းမျဉ်းတွေ လိုက်နာမှု အားနည်းတယ်လို့ သိရပါတယ်။  ပြီးခဲ့သည့်နှစ် မတ်လမှာလည်း ကိုင်ရိုမြို့အနီးရှိ အထည်ချုပ်စက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Delta News

Read Previous

ကုန်ဈေးနှူန်းမတည်ငြိမ်မှုကြောင့် အခြေခံစားသောက်ကုန်ဈေးသည်တွေ အရင်းပြုတ်

Read Next

တပတ်တာ နွေဦးပုံရိပ်လွှာ