ဧရာဝတီတိုင်းဒေသကြီး ၊ လေးမျက်နှာမြို့နယ် ထုံးတောင်အနီးမှာ ဩဂုတ်လ( ၇ )ရက်နေ့က ရိုဟင်ဂျာ (၁၈)ဦး ကိုသယ်ဆောင်လာတဲ့ အဖွဲ့ကို စစ်ကောင်စီလုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှာ(၁၆) နှစ်အရွယ် ရိုဟင်ဂျာ လူငယ်တဦး ဦးခေါင်းကို ကျည်ဆံထိမှန် သေဆုံးခဲ့ပြီး သူတို့ကို သယ်ဆောင်လာတဲ့ အဖွဲ့ဟာလည်း အကြမ်းဖက်စစ်တပ်က တပ်ကြပ်ကြီး တဦးနဲ့ ရဲဘော်( ၂) ဦးပါတဲ့ အဖွဲ့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
“ရေကြည်နဲ့ လေးမျက်နှာအကြားက ပုသိမ် -မုံရွာ ကားလမ်းဘေးမှာ ကား ၂စီးရပ်ထားတာတွေ့လို့ မသင်္ကာလို့ စစ်ဆေးရင်း ဖမ်းမိကြတာ”လို့ ဆိုပါတယ်။
ကားနှစ်စီးပေါ်မှာ ပါတဲ့ အမှတ်(၁)ယာဥ် သိုလှောင်ရေး တပ်ရင်း (မင်္ဂလာဒုံ) က တပ်ကြပ်ကြီး ကျော်ကျော်မျိုး၊ တပ်သားသူရစိုး၊ တပ်သား အောင်မျိုးထွန်း ၊အရပ်သားယာဥ်မောင်းနောက်လိုက် မင်းမင်း (ခေါ်)အေးမင်းဝင်း၊ မြင့်ဇော်နဲ့ ထွန်းထွန်းစိုးတို့ကို အရင်ဆုံး ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ အခကြေးငွေယူပြီး ရိုဟင်ဂျာတွေကိုခိုးသွင်းတာ ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတဦးက”စစ်တပ်က ကောင်တွေက တပ်ဝိတ်သုံးပြီးလုပ် စားနေကြတာ၊ ခုက ရိုဟင်ဂျာတွေကို လာကြိုစောင့်နေတဲ့ကားကို PDF တွေရဲ့ ကားထင်ပြီး ဝိုင်းဖမ်းကြတာပါ ။ ယုံထောင် ကြောင်မိပေါ့” လို့ဆိုပါတယ်။
ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်အကြား ကက္ကူကြီးအုပ်စု စက်စက်ယို ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ် ၃၆/၁ အနားမှာ ဖမ်းမိတဲ့ 5R/2966 Suzuki မော်တော်ယာဥ်နဲ့ ယာဥ်အမှတ် ၊ 7L/9719 ကို စစ်ကောင်စီတပ်က ယူထားတယ်လို့ ရဲသတင်းအသိုင်းအဝိုင်းက ပြောပါတယ်။
အသက်( ၁၆ )နှစ်အရွယ် ရိုဟင်ဂျာလူငယ်တဦးရဲ့ ဦးခေါင်းကို သေနတ်ထိမှန်သေဆုံးတာနဲ့ ပါတ်သက်ပြီး လေးမျက်နှာမြို့နယ် ၊ ထုံးတောင်အနီးမှာ ရိုဟင်ဂျာတွေကို စစ်ဆေးနေချိန် သေဆုံးသွားတဲ့သူက ရဲတပ်သား ဆီကနေ M-22 သေနတ်ကို လုဖို့ ကြိုးစားရင်း ကျည်ထွက်ပြီး နားထင်ထိမှန်သေဆုံးတယ်လို့ စစ်ကောင်စီက ဒေသတွင်းမှာ သတင်းဖြန့်ထားပါတယ်။