မြန်အောင် ရေတွင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ပြီး ကိုရင် နှစ်ပါး ၊ ကျောင်းသား နှစ်ဦး မီးလောင်သေဆုံး

ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ ဝက်တိုးအုပ်စု၊ ရေတွင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုအတွင်း ကျောင်းဆောင်တလုံး မီးလောင်ကျွမ်းခဲ့ကာ ကိုရင် ၂ပါးနဲ့ ကျောင်းသား ၂ဦး မီးလောင်သေဆုံးသွားတယ်လို့ သိရပါတယ် ။
ကျောင်းထိုင်ဆရာတော်နဲ့ ကိုရင်တပါးကတော့ မီးထဲကနေ လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတဦးက သူရဲ့ လှုမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ် ။
DNA အနေနဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေစဲ ဖြစ်ပြီး ၊ မြန်အောင်မြို့ပေါ်မှာ နေထိုင်သူတဦးကတော့ ရေတွင်းကုန်ဘုန်းကြီးကျောင်း မီးလောင်တဲ့သတင်းကို အတည်ပြုပေးပါတယ် ။
ဒါပေမယ့် အသေးစိပ်အချက်အလက်တွေကို မသိရသေးသလို ဘာကြောင့် မီးစတင်လောင်ကျွမ်းတယ်ဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး ။
မီးလောင်မှုကြောင့် ဘုန်းကြီးကျောင်းပိုင် ကားတစီး မီးအနည်းငယ်လောင်ကျွမ်းခဲ့သလို ရှေ့မှန်တွေလည်း ကွဲသွားတယ်လို့ သိရတယ်။
အခု မီးလောင်ခဲ့တဲ့ ဘုန်းကြီးကျောင်းဟာ ရေတွင်းကုန်းရွာရဲ့ အပြင်ဘက်မှာ ရှိတယ်လို့ သိရပြီး ရေတွင်းကုန်းကျေးရွာဟာ ဝက်တိုးအုပ်စုထဲမှာ ရှိပြီး သီးပင်ရိုးရွာနဲ့ တဆက်တည်းရှိတဲ့ ရွာဖြစ်ပါတယ် ။ ကနောင်မြို့ရဲ့ အနောက်ဘက် ၅ မိုင်ခန့်မှာ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေးသာတဲ့ ကျေးရွာကြီးတရွာ ဖြစ်တယ်လို့ သိရပါတယ်။