အကြမ်းဖက်စစ်သားလေးဦး ကော်ဘရာစစ်ကြောင်းဆီ အလင်းဝင် KNUဆီ အလင်းဝင်သူ စစ်သားပေါင်း သုံးရာကျော်ပြီ

ကရင်ပြည်နယ် ၊ KNU တပ်မဟာ ၆ ဧရိယာထဲက ဝေါလေ-ဖလူး လမ်းပေါ်က သုံးထပ်ကွေ့နေရာမှာ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)က စစ်သား (၄) ဦးဟာ ဩဂုတ်လ ၃ ရက်နေ့က ကော်ဘရာစစ်ကြောင်းဆီကို အလင်းဝင်လာတယ်လို့ Cobra Column Facebook Page မှာ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကျွန်ဘဝကနေ ပြည်သူ့ထံကို အလင်းဝင်ရောက်လာတဲ့ သူတွေမှာ စစ်မှုထမ်းသက် နှစ်(၃၀) ရှိတဲ့ တပ်ကြပ်ကြီး ဇော်မင်းဦး ၊ တပ်သား ဟိန်းစိုး ၊ တပ်သား စိုးဝင်း ၊ တပ်သား ဇော်ဇော်တို့ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
လက်ရှိအချိန်ထိ အကြမ်းဖက်စစ်သားတွေဟာ KNU ဆီကို နေ့စဉ် အလင်းဝင်ရောက်လျှက်ရှိပြီး ၊ စိစစ် အင်တာဗျူးပြီးတဲ့ အရေအတွက်တင် ၃၀၀ ကျော်ရှိနေပြီလို့ KNU ရဲ့ ပြောရေးဆိုခွင့် တာဝန်ခံ ပဒိုစောတောနီးက DNA ကိုပြောပါတယ်။
ကော်ဘရာ စစ်ကြောင်းအနေနဲ့ CDM လုပ်ပြီး ခိုလှုံလာတဲ့ စစ်သည်တွေကို လုံခြုံဘေးကင်းတဲ့ နေရာတွေမှာ နေထိုင်သွားလာ ၊ စားဝတ်နေရေး ၊ လုံခြုံရေး အဆင်ပြေစေဖို့ ကောင်းမွန်စွာ စီမံထားရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
အခုလို CDM ပြုလုပ်ပြီး အကြမ်းဖက်စစ်တပ်ဘက်တော်သား အဖြစ်ကနေ ပြည်သူ့ထံမှောက် အလင်းဝင်ရောက်လိုတဲ့သူတွေ အနေနဲ့ Cobra Column Facebook Page ကို ဆက်သွယ်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။