အိမ်လွမ်းစိတ်ရဲ့ ရှိုက်သံ

မိုးက ဇီဝဇိုးငှက်တွေ သွေးစပါလောက်တဲ့အထိ အန်ချပုံမျိုးနဲ့ ရွာချလိုက်တယ်။ သူ့မှာ တစ်စုံ တစ်ရာကို အော်ပြောချင်နေခဲ့ပုံရတယ်။ သူ့မှာလည်း ရင်ဖွင့်စရာဆိုလို့ ဒီနေကြာပန်းတွေဆီမှာ စန္ဒရားခုံ ပေါ်က သီချင်းစာရွက်ဆီမှာ မီးခိုးငွေ့တွေရဲ့ ဒုတိယတံခါးပေါက်ဆီမှာ ပဲရှိရဲ့။

ဖြတ်သန်းနေရတဲ့ ကျနော်တို့ကို တိမ်ဟာ စောင့်ကြည့်သူအဖြစ်နဲ့ နေတယ်။ ဘာရယ်မဟုတ် အိမ်ခေါင်မိုးတွေ စိုစွတ်နေတာကို ထိုင်ကြည့်နေရပုံက ရွေ့ပြောင်းဆင်တွေ မွေးရပ်ကို မျှော်ကြည့်နေရ သလိုမျိုး။ ပြီးရင် ကဗျာရဲ့ဆည်းဆာကို ငှက်တွေ တဖန်ပြန်ဝင်စားတာ တောင်တန်းတွေရဲ့ ဆံပင် အရောင်တွေ တဖျတ်ဖျတ်တောက်ပနေတာ မြေသားတွေရဲ့ စိတ်ကောက်သံကို ကြောင်တွေ ခိုးနား ထောင်နေတာတွေကိုပဲ မြင်နေပြန်တယ်။ အဲဒါတွေက အလကားပါကွာလို့တော့ မပြောလိုက်ကြပါနဲ့ စစ်ဟာ ဘယ်လိုညနေမျိုးနဲ့မှ ပနံသင့်တယ်ဆိုတာ မိတ်ဆွေမှမသိတာလေ။ အခုကျ ချိုးပြီးစရေနဲ့ ချွေးနဲ့ ရောနေတဲ့ ခံစားမှုကို တစ်မျိုးလေး သဘောကျနေပြန်ရော။  တချို့နေရာက လူတွေကျ သွေးနဲ့ ချွေးနဲ့ ရောနေကြရပြန်။

ကျွန်တော်တို့ တိုင်းပြည်ဟာ တစ်လျှောက်လုံး လျှော်လိုက် နေထုတ်လှန်းလိုက် မိုးပြန်မိလိုက် ရေစော်နံလိုက် ဖားဥစွဲလိုက်နဲ့ကို လည်နေတာ။ တစ်ခါတစ်ရံဆို လေရဲ့စေစားမှုကြောင့် ဗွက်အိုင်တွေ ဘာတွေထဲ လွင့်ကျတာတွေတောင် ရှိသပါ့ဗျာ။ ခုရော ဘာထူးလို့လဲ စစ်အာဏာရှင်ရဲ့ နွံ့အိုင်ကြီးထဲ နစ် နေတာ။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ သင်ရိုးထဲက ကဗျာလိုလို စာပုဒ်လိုလိုတောင် စာသားတောင် သွား သတိရတယ်။ လှည်းဘီးနွံနစ်နေသည် ကူ၍တွန်းပေးကြပါဆိုတဲ့ဟာပေါ့။ ခုရော ဘယ်သူတွေတွန်းနေ ကြလဲ။ လူငယ်တွေဆိုလဲ ပြန့်နှံ့လို့။ အချိန်ကာလအားဖြင့် တစ်နှစ်ကျော်လာတဲ့အခါ ပုံမှန်ဘဝတွေဆီ ပြန်သွားတဲ့ သူကသွား၊ နယ်နိမိတ်ဘောင်ရဲ့ ဘေးမြို့ဆီမှာ သောင်တင်တဲ့သူက တင်၊ မီးရောင်စုံနဲ့ မြို့ပြ ညတွေဆီ ရောက်တဲ့သူက ရောက်၊ ဘာမှန်းမသိတဲ့ အခြေအနေတစ်ခုနဲ့ တောထဲလည်နေတဲ့သူတွေက လည်း၊ အဲဒီလိုနဲ့ပဲ ဘူတာရုံနဲ့ တဖြည်းဖြည်းဝေးကွာသွားကြတာ။ မရေရာခြင်းရဲ့အရှေ့ ပုံတူရေးဆွဲဖို့ကို သရုပ်ပြထိုင်ရတဲ့ လူငယ်တွေပေါ့။

ကျနော်ဖုန်းထဲ ခိုင်ထူးရဲ့ အိမ်အလွမ်းသီချင်း ရှိတယ်။ ထောင်ထဲမှာကတည်းက ညနေတန်းပိတ် ဆိုရင် အဲဒီသီချင်းကို အကျယ်ကြီးဖွင့်ပြီး နားထောင်နေကြ။ ခုကျ အဲ့သီချင်းရဲ့အစ လိဒ်ဂစ်တာသံမှာ တွင် လူကို တစ်ခုခုက ညစ်ထားသလို ခံစားရတယ်။ အဲဒီသီချင်းရဲ့ intro lead နဲ့ solo lead ကို ဘယ်သူ တီးထားတယ်ဆိုတာ မသိပါဘူး။ ဒါပေမဲ့ အဲဒီလိဒ်ကို ဖန်တီးတီးခက်ထားတဲ့သူက တကယ်ဆို အိမ်နဲ့ ဝေးခဲ့ဖူးသူ ဖြစ်မယ်ဆိုတာ သေချာတယ်။ နာနာကျင်ကျင်နဲ့ကို အိမ်နဲ့ဝေးပြီးပြန်ဖို့ ခက်ခဲခဲ့ပုံပဲ။ သူ့ရဲ့ အိမ်မပြန်ရခြင်းတွေကို အဲဒီသီချင်းရဲ့ လိဒ်သံစဥ်ထဲမှာ အကုန်သွန်ချခဲ့ပုံက မိသားစုနဲ့အဆင်မပြေတဲ့ လက်သမားတစ်ယောက်ဟာ ထုပ်တန်းထဲ သံကို အားကုန်ရိုက်ထည့်လိုက်သလိုမျိုးပေါ့။ ကျွန်တော် တော့ အဲဒီလို့ပဲ နားလည်ခံစားရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း အခု အိမ်ကိုပြန်ဖို့ အတွက် ခက်ခဲနေကြတာကိုး။ ဓိရာမိုရ်ရဲ့စာသားထဲမှာတော့ နှလုံးသားတွေ နွေးထွေးရင် ဒါဟာအိမ်တဲ့။ ဟုတ်ပါတယ်လေ။ အိမ်ဆိုတာ ချစ်ခြင်းတရားတွေအမြဲပွင့်နေတဲ့ လောကရဲ့ တစ်ခုတည်းသော ဝင် ပေါက် မဟုတ်လား။ အဲဒီအိမ်ရဲ့ ခေါင်မိုးပေါ် မိုးကတော့ တဗြန်းဗြန်းရွာနေတုန်းပဲ။ ကျည်တစ်တောင့် မိုးတစ်ပေါက် ဆိုသလိုပေါ့။ စစ်နဲ့အပြိုင် ရွာနေလေရဲ့။ မိုးပဲအရင်ရပ်မလား စစ်ပဲ အရင်ရပ်မလား ဆိုတာ ဘယ်သူသိနိုင်မလဲ။ ဒီလိုနဲ့ပဲ ကျနော်တို့ဟာ ရွှေတိဂုံဘုရားကြီးဆီ တွားသွားလျက် . . . ။

 

နန်းဇေ

၂၁.၇.၂၀၂၂

   

 

Delta News

Read Previous

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကောင်းမွန်

Read Next

ကလေး-တမူး ကားလမ်းမှာ မိုင်းဆွဲခံရပြီး စစ်အုပ်စုက အများအပြားသေကြေဒဏ်ရာရ