Photo- CJ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်ကအလှူငွေပေးအပ်ခဲ့တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုတွေ အတွက် လိုပြသက်သေ ၃ ယောက်ကို ဒီနေ့ ဩဂုတ်လ ၂ရက်နေ့မှာ စစ်ဆေးခဲ့တယ်လို့ နေပြည်တော်တရားရုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီအမှုတွေကို ဇူလိုင်လ ၂၅ရက်ရုံးချိန်းမှာ တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချခဲ့တာပါ။
ဒါပေမဲ့ ဇူလိုင်လ ၂၆ ရက်ရုံးချိန်းမှာ တရားလို ဦးရဲထက်ကို တရားရုံးက ပြန်ခေါ်သက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပြီး စစ်ဆေးဖို့ကျန်နေတဲ့ လိုပြသက်သေတွေထဲက ၃ယောက်ကို ဒီကနေ့ ဩဂုတ် ၂ရက်ရုံးချိန်းအဖြစ် နေပြည်တော် အကျဉ်းထောင်တွင်း တရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်တစ်ပတ်ရုံးချိန်းကိုတော့ သြဂုတ်လ ၉ ရက် မှာ ချိန်းဆိုထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေထဲက ရဟတ်ယာဉ်သက်တမ်းတိုးတဲ့အမှုကိုလည်း ဆက်လက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ကတော့ အမှု အမှတ် ၄၈ ရဟတ်ယာဉ်သက်တမ်းတိုးတဲ့ကိစ္စစစ်တယ်။ အဲဒီမှာတော့ လိုပြသက်သေ ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကိုစစ်တယ်။ မောင်ဝိတ်အမှုမှာတော့ လိုပြသက်သေ ၃ယောက် စစ်တယ်။ အမှုအမှတ် ၃ နဲ့ ၄ ပေါ့ ။နောက်တစ်ပတ် ကို လာမယ့်အင်္ဂါနေ့ ထပ် ချိန်းတယ်။ လိုပြသက်သေတွေပေါ့။ ဘယ်ဌာနတွေက ဆိုတာ ပြောလို့ မရဘူး၊ ဘယ်သူတွေလဲဆိုတာလည်း ပြောလို့မရဘူး ။ နှစ်မှုအတွက် ၃ ယောက် စစ်တယ်။ဒေါ်အောင်ဆန်းစုကြည် နေကောင်းပါတယ်”လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက စွဲဆိုထားတဲ့ အမှုပေါင်း ၂၀ ထက် မနည်း ရှိပြီး အဲဒီထဲမှာ အမှု ၆ခုအတွက် ထောင်ဒဏ် ၁၁ နှစ် ချထားခဲ့ပါတယ်။