စာမျက်နှာတခုလို ကျော်သွားလို့ရလျှင် မဖတ်ဘဲကျော်သွားလိုက်ချင်သည့် နွေဦး သီတင်းပတ် ဖြစ်သည်။ဤသီတင်းပတ်သည် တစိမ့်စိမ့်တွေးမိလေတိုင်း တဆစ်ဆစ်နာကျင်ရသည့် နွေဦးသီတင်းပတ် မ ဟုတ်လား။
သမိုင်းမော်ကွန်းတင်ထားသော ကြေကွဲဝမ်းနည်းစရာနေ့ရှိပြီးသား ဇူလိုင်လထဲမှာ နွေဦး ပြည်သူ တွေ အဖို့ နာကျင်ကြေကွဲရသည့် နေ့တနေ့ထပ်တိုးလာပြန်လေသည်။လူလေးဦး၊ပြည်သူ့ဘက်တော်သားသူရဲကောင်း လေးယောက်၊သူရဲဘောကြောင်၍ ကောက်ကျစ်စဉ်းလဲသော ရန်သူ့လက်မှာ ကြွေလွင့်ခဲ့ကြရသည်။ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်..။အာဏာသိမ်းပြီးကတည်းက ၎င်း တို့လက်ချက်ဖြင့် သေဆုံးခဲ့ရသမျှကို စစ်ကောင်စီက ဘူးပိတ်ငြင်းခဲ့သည်ချည်းသာဖြစ်သည်။ ယခုလေးဦး ကိုတော့ စစ်ကောင်စီက အကြိမ်ကြိမ်သေဒဏ်ထိုက်သူများဟု ပေါ်ပေါ်တင်တင် စွပ်စွဲကာ သတ်ဖြတ်ခဲ့သည်။သို့သော် စစ်ခေါင်းဆောင်များ အတိအလင်း တာဝန်ခံရသည့် ဤနိုင်ငံတော်အဆင့် လူသတ်မှုကြီးကို လီဆည်လှည့်ဖြားမှု၊ယုတ်မာရက်စက်မှုတို့ဖြင့် စစ်ကောင်စီက တန်ဆာဆင်ခဲ့သည်။သေဒဏ်စီရင်တော့မည်ဟု အသိမပေးဘဲ မိသားစုနှင့်ပေးတွေ့သည်။ပြည်သူ့သူရဲကောင်းတွေဆီက နောက်ဆုံး စကားမှာကြားမှုတွေ မိသားစုနှင့် ပြည်သူတွေ ကြားသိ ခွင့်မ ရ။ချန်ရစ်ထားခဲ့ခွင့်မရ။မိသားစုနှင့်နောက်ဆုံးအကြိမ် တွေ့ခွင့်ပေးခြင်းကို သာမာန် တွေ့ဆုံမှုတခုနှယ် လီ ဆည်လှည့်ဖြားခဲ့သည်။
ပစ္စုပ္ပန် ကာလတွင်သာမက အနာဂတ်မျိုးဆက်များထိတိုင် သေဒဏ်စီရင်သင့်သူအဖြစ် လက်ခံကြ သည့် ဂဠုန်ဦးစောလို ပုဂ္ဂိုလ်မျိုးတွင်ပင် တရားနည်းလမ်းတကျ အပြစ်ဒဏ်စီရင်ခံရခွင့်ရခဲ့သေးသည်။ယခု ပြည်သူအများစု လက်မခံနိုင်သော အဖြစ်တွင်မူ ထိုသို့မဟုတ်..။
ဤလေးဦးထံမှ တော်လှန်ရေးအတွက် နောက်ဆုံးစကား၊နောက်ဆုံး ဆန္ဒတွေချန်ရစ်ခဲ့မှာ၊လူထုရင်ထဲ ကိန်းအောင်းသွားမှာကို စစ်မိစ္ဆာတို့က တွေးကြောက်ပုံရသည်။ထို့ကြောင့်ပင် လိမ်လည်လှည့်ဖြား၍ တိတ်တ ဆိတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဤသို့ လူမဆန်သည့် လုပ်ရပ်အပေါ် ပြည်သူတွေရွံရှာမုန်းတီးတာ၊သူရဲကောင်းတွေအဖြစ် ရှု မြင်ကြတာကိုလည်း စစ်မိစ္ဆာတို့က နာလိုခံခက်ဖြစ်ကြပြန်သည်။သူရဲကောင်းတို့၏ ကျန်ရစ်သူမိသားစုဝင်တွေဆီ စစ်မိစ္ဆာတို့အောက်ဆွဲ တစုကိုစေလွှတ်၍ အနှောင့်အယှက်ပြုကြပြန်၏။
တဖက်မှာတော့ သေဒဏ်မှ တသက်တကျွန်း ပြစ်ဒဏ်သို့ ဖြေလျှော့ပေးမှုတွေလည်းရှိနေကြောင်း သ တင်းတွေ ဆက်တိုက်လွှင့်သည်။တပြိုင်တည်းမှာပင် သေဒဏ်တွေ ဆက်ပေးဦးမည်ဆိုသည့် မိုက်ကြေးခွဲ ခြိမ်း ခြောက်မှုကိုလည်း ဆက်လုပ်နေဆဲဖြစ်သည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် လူမဆန်မှု၏ အဆုံးစွန်အထိတိုင် ခြေလှမ်းနေသည်မှာ သံသ ယဖြစ်ဖွယ်ရာမရှိချေ။ကစားပွဲ အချိန်ကြာမြင့်လာသည်နှင့်အမျှ ထွက်ပေါက်ကျဉ်းလာနေသည်ကို အဆုံး စွန်သော အကြမ်းဖက်နည်းဖြင့် တုံ့ပြန်ခြင်းကသာ ထွက်ပေါက်ဟု စစ်ခေါင်းဆောင်တို့ မှတ်ယူထားဖွယ်ရှိသည်။
သို့သော် သတိပြုသင့်သည်မှာ စစ်မိစ္ဆာတို့တွင် ဖရိုဖရဲ အခြေအနေတချို့ ရှိနေသည့်တိုင် လက်ရှိ စစ် ကောင်စီ၏ ခြေလှမ်းတို့ကိုမူ သွေးရူးသွေးတန်း လုပ်ဆောင်မှုများဟု ခပ်လွယ်လွယ် မှတ်ယူရန် မဖြစ်နိုင်ပါ။ ၎င်းတို့၏ ရှုမြင်ချက်အတိုင်း ဗျူဟာ ကျကျ ရှေ့ဆက်နေသည်ကို အရှိအတိုင်း ရှုမြင်သုံးသပ်ရန်လိုမည်ဖြစ်သည်။
နွေဦး ကမ္ဘာမှာတော့ ကြယ်တွေအမြောက်အမြားကြွေခဲ့၊ကြွေနေကြဆဲ။ဤကြယ်ကြွေတွေကတော့ ကြယ်ကြွေချိန် ဆုတောင်းမည့် ကြယ်ကြွေတွေမဟုတ်ပါ။ကြယ်ကြွေတွေကို မမေ့မလျော့ တန်ဖိုးထားဖို့၊သူတို့၏ တာဝန်တွေကို ပုခုံးပြောင်းလက်လွှဲယူကြဖို့ ဆိုတာတွေကတော့ ရှင်ကျန်နေသူတို့အရေး ဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏ သေဒဏ်စီရင်မှုအပြီး နွေဦး ကမ္ဘာထဲက ဝမ်းနည်းငိုကြွေးသံတွေနဲ့အတူ ကြုံးဝါး သံတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်လာသည်။စစ်မိစ္ဆာတို့ကို ပြန်လည်အရေးယူနိုင်ဖို့၊ကြယ်ကြွေတို့၏ ဆန္ဒပြည့်ဝရေး ဆောင်ရွက်ဖို့ ကတိပြုသံတွေ ထွက်လာသည်။
ပြည်တွင်း၊ပြည်ပက ဝေဖန်ရှုတ်ချသံ ပြစ်တင်သံတွေလည်း ကြားရ၏။NUG ကတော့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေး အရှိန်မြှင့်မည်ဟု ကြွေးကြော်သည်။
ကြေညာချက်များ၊အစည်းအဝေးများ၏နောက်တွင် တိကျခိုင်မာသော လုပ်ကိုင်ဆောင်ရွက်မှုများ အသေအချာတွဲပါလာမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဆိုသည်။ယာယီသမ္မတ ဒူဝါလရှီးလကတော့ အသက်ပေးခဲ့ရသူတို့၏ သွေးသစ္စာကို တန်ဖိုးထား၍ ပြည်သူများ တော်လှန်ရေးတွင် ဆက်လက်ပါဝင်ရန်တိုက်တွန်းသည်။
ဒေသစုံက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ယူဂျီအဖွဲ့တွေကလည်း ထို့အတူဖြစ်သည်။ ကြေညာ ချက်တွေ အသီးသီး ထုတ်ပြန်ကြသည်။စစ်ကိုင်းဘက်ဆီမှာတော့ ကြယ်ကြွေတွေကို မူတည်၍ ယခင်က မသင့်မြတ်သည့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည်စုစည်းရေး သတင်းစကားတချို့ကြားရသည်။
သေဒဏ်စီရင်မှုအတွက် လက်တုံ့ပြန်သည်ဟု ထုတ်ဖော်သော ပြောက်ကျားတိုက်ပွဲ၊ ယူဂျီ တိုက်ခိုက်မှုများ ရှိလာသည်။ လက်တုံ့ပြန်သည်ဟု နာမည်မတပ်သော်လည်း ယခုသီတင်းပတ်အတွင်း မြို့ပြတွေမှာ ပြောက်ကျား တိုက်ခိုက်မှု၊ဖောက်ခွဲမှု၊ဆန္ဒပြမှုတွေ ခပ်စိတ်စိတ်ဖြစ်ခဲ့သည်။
အထင်ကရ မြို့ပြတိုက်ခိုက်မှုများမှာ အင်းစိန် ထောင် ဝန်ထမ်းအိမ်ရာအတွင်း ဗုံးပစ်တိုက်ခိုက်ခြင်း၊ မြို့တော် ခန်းမအနီး ပေါက်ကွဲမှု၊ဖျာပုံတွင် ပထမဆုံး တိုက်ခိုက်မှုအဖြစ် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်မှု၊ဟင်္သာတကဖောက်ခွဲမှု၊ လူငယ်တွေ တိုက်ပေါ်က ခုန်ချသေဆုံးခဲ့ရသော ဗိုလ်တထောင် ၄၄လမ်းဖြစ်စဉ်၌ တာ ဝန်ရှိသူ တဦးဖြစ်သည့် အုပ်ချုပ်ရေးမှူး လုပ်ကြံခံရတာတွေဖြစ်သည်။
ထိုဖြစ်စဉ်များ၏နောက်ဆက်တွဲအဖြစ် ပစ်ခတ်ခံရသူ၊ဖမ်းဆီးခံရသူတွေလည်း ရှိသည်။ထို့အတူ သပိတ်လှုပ်ရှားမှုများသည်လည်း မြို့ပြလမ်းမများထက် ပေါ်ထွက်လာနေဆဲဖြစ်ရာ စစ်ကောင်စီကတော့ ကားနဲ့တိုက်ဖမ်းသည့် အကြမ်းဖက်မှုဖြင့် တားဆီးရန်ကြိုးပမ်းနေဆဲဖြစ်သည်။
ဤသို့အကြမ်းဖက်ဖမ်းဆီးမှုကြောင့် တောင်ဒဂုံ၌ပြုလုပ်ခဲ့သည့် သပိတ်လှုပ်ရှားမှုတွင် ဖမ်းဆီးခံရ သည့်အထဲ ဂျပန်နိုင်ငံသားတဦးပင်ပါဝင်ခဲ့သည်။တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုများအပေါ် ဝေဖန်ကြတာတွေရှိသော်လည်း အကြမ်းဖက်စစ်တပ်၏ လူမဆန်မှုများကို ရပ်တန့်လျော့ပါးအောင် တား ဆီးနိုင်မည့်သူတော့ လက်ရှိအထိ ပေါ်မလာသေးပေ။
ထိပ်ဆုံးမှ စစ်ခေါင်းဆောင်တို့က ကမ္ဘာသိ လူသတ်မှု ကျူးလွန်လာသည့်နည်းတူ အောက်ခြေမှ စစ်မိစ္ဆာတို့ကလည်း လူမျိုး၊ဘာသာ၊နေရာ၊ဒေသမရွေး လူမဆန်မှုတွေ ဆက်လက်ကျူးလွန်နေကြဆဲဖြစ်သည်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့ လက်ပံလှရွာကို အကြမ်းဖက်စစ်တပ်က စီးနင်းရာ အဘွားအိုတဦး မီး လောင်တိုက်သွင်းခံရပြီး၊လူငယ်နှစ်ဦး အသတ်ခံရသည်။မူးမြစ်ကမ်းတလျှောက်ကျေးရွာများကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်သည်။
စစ်ကိုင်းတိုင်းအတွင်း ဒေသနှစ်ခုတွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးရသည့် သတင်းကလည်း သီတင်းပတ်တခုတည်းမှာပင် ဖြစ်ပွားခဲ့သည်။ဒါက တပတ်အတွင်း စစ်မိစ္ဆာတို့ ကျူုးလွန်ခဲ့ သမျှ လူမဆန်မှုတွေထဲက တစွန်းတစ သတင်းတွေမျှသာဖြစ်သည်။
စစ်မိစ္ဆာတို့လက်ထဲမှာ ပြည်သူ့ကြယ်တွေ မကြွေသင့်ဘဲကြွေနေရချိန် ဒေါနမြေတနေရာက ရုပ်သံ မှတ်တမ်းအပိုင်းအစလေးတခု လူမှုကွန်ရက်ပေါ်ရောက်လာသည်။အမျိုးသားတွေချည်းပါဝင်သည့် စကား ဝိုင်းတခု..။
စကားဝိုင်းကိုဦးဆောင်သူက ပြည်သူချစ်သော မြွေဟောက်စစ်သည်တော်တွေကို ဦးဆောင်နေသည့် ဗိုလ်ဒါဘော..။သူ့စကားကို အေးအေးလူလူ သက်တောင့်သက်သာ နားထောင်နေကြသူတွေက စစ်သုံ့ပန်း တွေ ဖြစ်သည်။
သူသေကိုယ်သေ လက်နှေးသူအသက်ပေးကြစတမ်း တိုက်ပွဲတွင် အရေးမလှတော့၍ လက်နက်ချ အ ညံ့ခံလာကြသူတွေ..။
“စစ်သုံ့ပန်းအနေနဲ့ ရောက်လာတဲ့အတွက် အားငယ်ကောင်းငယ်မယ်၊အားမငယ်နဲ့၊အားငယ်စရာ မလို ဘူး၊မင်းတို့ကိုငါတပြေးတည်းပဲ”ဟု ဗိုလ်ဒါဘောက စစ်သုံ့ပန်းများကို ပြောသည်။
နိုင်ငံရေး၊စစ်ရေး အပြောင်းအလဲဖြစ်လာသည့်အခါ မိသားစုများထံ ပြန်အပ်မည်ဟုလည်း သူကဆက် ပြောသေးသည်။ဤမြင်ကွင်းကို မြင်ရသည့် နွေဦးကမ္ဘာအဖို့တော့ စကစ လက်တွင်းက နွေဦးသူရဲကောင်းတွေ ကို မြင်ယောင်မိကြမည်သာဖြစ်သည်။
နွေဦးသည် တရားလက်လွတ် အကြောက်တရားဖြင့် အာဏာတည်ဆောက်လိုသူများနှင့် တရားမျှတ မှုအတွက် သေမင်းနှင့်စစ်ခင်းနေကြသူများ၊ဓမ္မနှင့် အဓမ္မတို့၏ တိုက်ပွဲဆိုသည်ကို ဤသို့သောမြင်ကွင်းများက ပုံဖော်ပေးနိုင်ပါလိမ့်မည်။