ဝေါလေ – ဥကရိထ နှင့် ဖလူး- ၃ ထပ်ကွေ့ လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

Photo – Cobra Column
ဒီနေ့မနက်ပိုင်း အစောပိုင်းကတည်းက လက်နက်ကြီးပစ်ခတ်မှုတွေနဲ့အတူ ဝေါလေ-ဥကရိထ နဲ့ ဖလူး- သုံးထပ်ကွေ့လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KNLA ပူးပေါင်းစစ်ကြောင်း တာ၀န်ရှိသူတစ်ဦး က DNA ကိုပြောပါတယ်။
“ဥကရိထဘက်က ရွှေအေးမြိုင် ရွာဘက်မှာ အသစ်ဖွဲ့ထားတဲ့ ကော်သူးလေ တပ်မတော်၊ ဗွီနွန် စစ်ကြောင်းနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ဇူလှိုင် ၂၇ ရက် ကတည်းက တိုက်ပွဲ ဖြစ်နေတယ်၊ အခု ဇူလှိုင် ၂၉ ရက် မနက်အထိ လက်နက်ကြီးတွေနဲ့ မိုးလင်းကတည်းက စပစ်နေပြီ။ ဒီဖက် ဖလူး-ကဆောဝါးလေး တောင်ကျော် ၃ထပ်ကွေ့ မှာလည်း စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွေက ဖလူး ရွာဘက်ကို အင်အားဖြည့်၊ ထပ်ပို့နေပြီးတော့ ၃ ထပ်ကွေ့ဘက် အကုန် တက်ခိုင်းနေတာပါဘဲ၊ ကျနော်တို့ ကရင်ဘက်က တိုက်ခိုက် မှုတွေကြောင့် ၃ ထပ်ကွေ့ကို သူတို့ နစက အဖွဲ့တွေ မကျော်နိုင်သေးပါဘူး”လို့ ဆိုပါတယ်။
ဇူလှိုင် လ ၂ရက်က စတင်ပြီး မြ၀တီ -ဝေါလေ ဒေသဘက်ကို စစ်ကောင်စီတပ်ရဲ့ တပ်မ ၂၂ ၊ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတွေက စုပေါင်းစစ်ကြောင်း ဖွဲ့စည်းပြီး ဖလူး- ကဆောဝါးလေး-ဝေါလေ တောင်ပေါ်လမ်းကို နယ်မြေ ရှင်းလင်းစိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းတွေ ၊လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ၃ ထပ်ကွေ့ နေရာမှာ KNU/KNLA ပူးပေါင်းတပ်တွေဘက်က တန်ပြန် တိုက်ခိုက်မှု့တွေကြောင့် တိုက်ပွဲ ပြင်းထန်နေစဲ ဖြစ်ပါတယ်။
“လက်နက်ကြီး တွေပစ်ထုတ်ပြီးတော့ လက်နက်ငယ် ပစ်ခတ်သံကြားရင် တိုက်ပွဲဖြစ်နေတဲ့ ပုံစံလုပ်ပြီး သူတို့က လက်နက်ကြီးတွေနဲ့ နေရာစုံလိုက် ရန်းသမ်းပစ်တယ်၊ သူတို့ တက်လာလိုက် ကျနော်တို့ ကရင်ပူးပေါင်းအဖွဲ့တွေ ပစ်ချလိုက်။ ပြန်ဆုတ်ပြန်သွားလိုက် ဖြစ်နေတာ နေ့တိုင်းလိုလို ဖြစ်နေတာပါဘဲ၊ သူတို့ အကျအဆုံး သတင်းတွေ ဖျောက်ထားပြီး နောက်ကစစ်ကြောင်းတွေ၊ လက်နက်ကြီး အဖွဲ့တွေ ထပ်တက်လာဖို့ သူတို့ လုပ်နေကြတယ်” လို့ KNLA ပူးပေါင်းအဖွဲ့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။
KNU တပ်မဟာ ၆ ဒေသအတွင်း ဇူလှိုင်လအတွင်းမှာ မြ၀တီ -ဝေါလေ လမ်းပိုင်း ၃ ထပ်ကွေ့ ၊ ဥကရိထ- ရွှေအေးမြိုင် ၊ ကော့ကရိတ် တောင်ပိုင်း မောင်းမ-သာယာကုန်း ၊ကြာအင်းဆိပ်ကြီး -ခလယ်-တံခွန်တိုင် ရဲစခန်း နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ ၂ ဖက် ပစ်ခတ် တိုက်ခိုက်မှု့တွေ ဆက်လက်ဖြစ်ပွားနေစဲဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုတွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF တွေလည်း စစ်အင်အားတိုးပြီး စစ်ကြောင်းတွေ လှုပ်ရှားနေတဲ့အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ဒေသခံတွေ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။