အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ ဓာတုဆေးဝါးတွေနဲ့ ပြုပြင်ထားတဲ့အရက်တွေကို သောက်သုံးပြီးနောက် အနည်းဆုံး လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကာ နောက်ထပ် အယောက် ၆၀ နာမကျန်းဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၂၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
သေဆုံးတွေဟာ ဂူဂျာရတ်ပြည်နယ်ရဲ့ Ahmedabad နှင့် Botad မြို့တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီပြည်နယ်မှာ အရက်ချက်လုပ်တာနဲ့ ရောင်းချတာကို တားမြစ်ထားတာဖြစ်ပါတယ်။
အခုဖြစ်စဉ်မှာ အရက်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ဘယ်လိုဓာတုပစ္စည်းတွေ အသုံးပြုခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ အကြီးတန်းအစိုးရအရာရှိ Mukesh Parmar က ပြောထားပါတယ်။
ဂူဂျာရတ်ပြည်နယ် ရဲချုပ် Ashish Gupta ကတော့ အခုလို မှောင်ခိုအရက်ရောင်းချတာနဲ့ ပတ်သတ်တယ်လို့ သံသယရှိတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
တရားမဝင် ချက်လုပ်ထားတဲ့ အရက်သောက်လို့ သေဆုံးတာတွေဟာ အိန္ဒိယနိုင်ငံမှာ အဖြစ်များပြီး စျေးပေါပေါနဲ့ အာနိသင် တိုးစေဖို့အတွက် အရက်တွေထဲမှာ ပိုးသတ်ဆေးလို ဓာတုပစ္စည်းတွေ ရောစပ်ပါဝင်နေတယ်လို့ သိရပါတယ်။
တရားမဝင်အရက်ရောင်းချသူတွေကလည်း အခွန်မပေးဘဲ ဆင်းရဲသားတွေကို စျေးပေါပေါနဲ့ ရောင်းချနေတာဖြစ်ပြီး အဲဒီ တရားမဝင် အရက်ထုတ်လုပ်တဲ့လုပ်ငန်းတွေဆိုရင် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အမြတ်အစွန်းကြီးမားတဲ့ စက်မှုလုပ်ငန်းတွေဖြစ်လာတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ မသန့်တဲ့ အရက်တွေ သောက်သုံးပြီး အနည်းဆုံး လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။