အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၅သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေး

Photo – CNN

 “မုတ်သုံအကြိုမိုးကြောင့် လူခုနစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၅သိန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်” လို့ အာဏာပိုင်တွေက မေလ ၁၈ရက်ရက်နေ့မှာ ပြောကြားခဲ့ပြီး အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ကမ္ဘာ့အကြီးဆုံးမြစ်ထဲကတစ်ခုဖြစ်တဲ့ Brahmaputra မြစ်မှာ လွန်ခဲ့တဲ့ သုံးရက်အတွင်းက ကမ်းပါးပြိုကျခဲ့တာကြောင့် ရွာပေါင်း ၁၅၀၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။ 

Brahmaputra မြစ်ဟာ အိန္ဒိယကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိနဲ့ တိဘက်အထိ စီးဆင်းနေတာ ဖြစ်ပါတယ်။ 

“ရေလွှမ်းမိုးမှုအခြေအနေတွေကြောင့် တစ်နာရီအတွင်း လူပေါင်း ၅၀၀,၀၀၀ ကျော် ထိခိုက်ခဲ့ တယ်” လို့ အာသံပြည်နယ် ရေအရင်းအမြစ်ဝန်ကြီး Pijush Hazarika က ပြောပါတယ်။

 အိန္ဒိယစစ်သားတွေက Hojai ခရိုင်မှာ ပိတ်မိနေတဲ့ လူပေါင်း ၂၀၀၀ ကျော်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 “ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ရထားလမ်းနဲ့ ကားလမ်းအဆက်အသွယ်တွေ ပြတ်တောက်သွားတဲ့ ဒီမာဟာဆာအိုခရိုင်မှာ အခြေအနေက ဆိုးရွားနေဆဲပါပဲ” လို့  အာသံ ရဲ့ ဘဏ္ဍာရေးဝန်ကြီး Jogen Mohan က ပြောပါတယ်။

 မကြာသေးမီရက်တွေက ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံရဲ့နေရာအနှံ့အပြားမှာ အပူချိန်တွေ မြင့်တက်လာတာကြောင့် စာသင်ကျောင်းတွေကို ပိတ်ခဲ့ရပြီး ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ရပါတယ်။