Azvudine အမျိုးအစား HIV ဆေးဝါးကို ကိုဗစ်လူနာတွေအတွက် အသုံးပြုဖို့ တရုတ်အတည်ပြု

Photo – Reuters

တရုတ်နိုင်ငံဟာ ပြည်တွင်းကုမ္ပဏီ Genuine Biotech ထုတ်  Azvudine ဆေးကို ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ အရွယ်ရောက်ပြီးသူ လူနာတွေအတွက် ကုသဖို့  ဇူလိုင်လ ၂၅ရက်နေ့မှာ ခွင့်ပြုချက် ပေးလိုက်ပါတယ်။

Azvudine ဟာ သောက်ဆေးအမျိုးအစားဖြစ်ပြီး HIV-1 ဗိုင်းရပ်စ်ကူးစက်မှုတချို့ကို ကုသဖို့အတွက် ၂၀၂၁ ခုနှစ် ဇူလိုင်လက တရုတ်နိုင်ငံမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဆိုပါဆေးဟာ “ပုံမှန်အမျိုးအစား” ကိုဗစ်ခံစားနေရတဲ့ အရွယ်ရောက်ပြီးသူ လူနာတွေကိုလည်း  အခြေအနေအရ ကုသလို့ ရနိုင်တယ်လို့ အမျိုးသား ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပုံမှန်အမျိုးအစား” ကိုဗစ်ဆိုတာဟာ ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ရည်ညွှန်းဖို့အတွက် တရုတ်နိုင်ငံက အသုံးပြုတဲ့ အသုံးအနှုန်းဖြစ်ပြီး အဆုတ်ရောင်ရောဂါ လက္ခဏာတွေ ရှိနေပေမယ့် လူနာတွေဟာ ပြင်းထန်တဲ့ အဆင့်ကို မရောက်သေးတာကို ဆိုလိုတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း Pfizer ဆေးကုမ္ပဏီထုတ် Paxlovid သောက်ဆေးအမျိုးအစားကို အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာလည်း တရုတ်တိုင်းရင်းဆေးပုံစံဖော်မြူလာဖြစ်တဲ့ Lianhuaqingwen capsules ကိုအသုံးပြုပြီး ကိုဗစ်ရဲ့လက္ခဏာတွေဖြစ်တဲ့ ဖျားနာ ချောင်းဆိုးတာတွေကို သက်သာစေဖို့ ခွင့်ပြုခဲ့ပါသေးတယ်။

နောက်ပိုင်းလက်တွေ့စမ်းသပ်မှုတွေမှာတော့ Azvudine ဆေး သောက်သုံးတဲ့ ကိုဗစ်လူနာတွေရဲ့ ၄၀ ဒဿမ ၄ ရာခိုင်နှုန်းဟာ ဆေးသောက်ပြီး ခုနစ်ရက်အကြာမှာပဲ လက္ခဏာတွေ တိုးတက်ကောင်းမွန်လာတယ်လို့ Henan ပြည်နယ်အခြေစိုက် Genuine Biotech ရဲ့ အခုလအစောပိုင်းမှာ ကြေငြာတဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။