ဟင်္သာတမှာ ဗုံးသုံးကြိမ်ပေါက်ကွဲပြီး ပစ်ခတ်သံတွေ ထွက်ပေါ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ဒီနေ့ည ၇ နာရီခွဲဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုတွေ နဲ့အတူ သေနတ်ပစ်ခတ်သံတွေဆူညံပြီး အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ရုံးကြီးယရက ရုံးနားမှာ ကွဲတာ လိမ္မော်ရောင် မီးတန်းကြီးပါ ထွက်သွားတယ်၊ အဲလိုပေါက်ပြီး ခယက ရုံးထဲကနေ သေနတ်တွေနဲ့ ပစ်တာ၊ ထ ၃ ကျောင်းဘက်အထိ လှည့်ပစ်တယ်” လို့ အနီးဝန်းကျင်တွင် နေထိုင်သူ တဦးက ပြောပါတယ်။အနီးဝန်းကျင်နေထိုင်သူတွေရဲ့ ပြောစကားအရ သေနတ်သံတွေဟာ ၁၅ ချက်နဲ့ ၂၀ နီးပါး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီည ဗုံးပေါက်ကွဲချိန်မှာ တမြို့လုံး လျှပ်စစ်မီးတွေ ပြတ်တောက်နေချိန်ဖြစ်ပြီး ပေါက်ကွဲမှု ၃ ကြိမ် ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ပထမဆုံး ပေါက်ကွဲမှုက ဒေဝူးကုန်း မှာပေါက်ကွဲခဲ့ပြီး၊ ဒုတိယပေါက်ကွဲမှုက ခရိုင်အုပ်ချုပ်ရေး ရုံးမှာ ပေါက်ကွဲခဲ့ပြီး ၊ တတိယ အလုံးက ရုံးကြီးရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ရန်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့အခြေအနေကို စုံစမ်းနေစဲ ဖြစ်ပြီး အတည်ပြုမပြုနိုင်သေးပါဘူး။