ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ခဲ့တဲ့ သတင်းသိပြီး ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းစိတ်မကောင်းဖြစ်နေ

နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် ဦးလှမျိုးအောင်နဲ့ ဦး အောင်သူရဇော်တို့ သေဒဏ်စီရင်ခံရတာနဲ့ ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။
“သိတယ်။သူသိတယ် ။ဒီနေ့သိသွားတယ် ။ဘယ်သူမှ စိတ်မကောင်းကြဘူး။ အားလုံးကဝမ်းနည်းနေကြတယ်” လို့ တရားရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်အုပ်စုက တရားစွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သတ်ပြီး ဒီကနေ့ နေပြည်တော်အကျဉ်းထောင်အတွင်းက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသတင်းကို သိရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒီကနေ့ ရုံချိန်းအတွင်း ဦးမောင်ဝိတ်က အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ ကို ဒေါ်ခင်ကြည်ဖောင်ဒေရှင်းကို လှူဒါန်းခဲ့တဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့တရားစွဲဆိုထားတဲ့ အမှု ၂ မှုနဲ့ပတ်သတ်ပြီး စွပ်စွဲထားတဲ့ပုဒ်မနဲ့ စွဲချက်တင်ရဖို့ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တခြားအမှုတွေဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူမှု၊ အဆောက်အဦး ဆောက်လုပ်မှုနဲ့ ရန်ပုံငွေ ဆိုင်ရာ ကိစ္စတွေကို အကြောင်းပြပြီး စစ်အုပ်စုက အဂတိမှုနဲ့စွပ်စွဲထားတဲ့အမှု ၄ မှုအတွက် နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်အုပ်စုက စွပ်စွဲထားတဲ့ အဂတိလိုက်စားမှုတွေကို ကျူးလွန်ထားတာမရှိ​ဘူးလို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။