ဖိလစ်ပိုင် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတခုမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံး

Photo – AP

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာက တက္ကသိုလ်တခုမှာ ဇူလိုင်လ ၂၄ရက်နေ့က သေနတ်ပစ်ခတ်မှုကြောင့် မြို့တော်ဝန်ဟောင်းတဦးအပါအဝင် စုစုပေါင်း ၃ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

တက္ကသိုလ်ဘွဲနှင်းသဘင် အခမ်းအနားတခုမှ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုဟာ တောင်ပိုင်းမြို့ Lamitan ရဲ့ မြို့တော်တန်ဟောင်း Rose Furigay ကို ပစ်မှတ်ထား တိုက်ခိုက်ပုံရတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။ 

တက္ကသိုလ်ဝင်းထဲကနေ ကားနဲ့ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ သေနတ်သမားအဖြစ် သံသယရှိခံထားရသူကို ပစ္စတိုသေနတ် ၂ လက်နဲ့အတူ ဖမ်းဆီးမိခဲ့တာလို့လည်း ရဲတွေက ပြောပါတယ်။

မြို့တော်ဝန်ဟောင်း Furigay ဟာ သမီးဖြစ်သူရဲ့ Ateneo de Manila တက္ကသိုလ်မှာ ဘွဲ့ယူတဲ့အခမ်းအနားကို တက်ရောက်လာတာပါ။ ပစ်ခတ်မှုအတွင်း တက္ကသိုလ်လုံခြုံရေးဝန်ထမ်းတဦးနဲ့ Furigay ရဲ့ လက်ထောက်အရာရှိတဦးလည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့နဲ့ အပြစ်ရှိသူကို တရားရင်ဆိုင်စေမယ်လို့ ဖိလစ်ပိုင်သမ္မတသစ် Ferdinand Marcos Jr က ကတိပြုပြောကြားခဲ့ပါတယ်။ 

အခင်းဖြစ်ရာ Quezon City မြို့ အထက်နဲ့အောက်လွှတ်တော် ပူးတွဲကျင်းပမယ့် ညီလာခံကို သမ္မတ Marcos တက်ရောက်ဖို့ရှိနေတဲ့အတွက် ပစ်ခတ်မှုမဖြစ်ခင်ကတည်းက သေနတ်ကိုင်ဆောင်ခွင့်ကို အာဏာပိုင်တွေက တားမြစ်ထားသလို မြို့လုံခြုံရေးကိုပါ တင်းကြပ်ထားတာလို့ သိရပါတယ်။