ကလေးမြို့၊ ဒ.က.စ လမ်းထဲမှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ

ကလေးမြို့၊ အောင်ဇေယျရပ်ကွက်၊ ဒ.က.စ အထွက် သုခကမ္ဘာနဲ့ရွှေစင် (၂) ကြားမှာ ဒီကနေ့ဇူလိူင်လ ၂၃ ရက်၊မနက် ၈ နာရီဝန်းကျင်က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“အိမ်တွေတောင်တုန်သွားတာပဲ။ ဒါတောင်ကျနော်တို့ကတော်တော်လှမ်းသေးတာ။ အိမ်ပေါ်ကို သဲတွေလား၊ယမ်းတွေလားမသိ ကျတယ်” လို့ အောင်ဇေယျရပ်ကွက်နေသူ တဦးက ပြောပါတယ်။
စစ်ကားမိုင်းထိခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
“ဒ.က.စ ဘက်ကထွက်လာတဲ့ စစ်ကားကို သုခကမ္ဘာနဲ့ရွှေစင် (၂) ကြားမှာ မိုင်းထိတာ။ ဘယ်သူမှထွက်မကြည့်ရဲဘူး။ ဘယ်လောက်ဒဏ်ရာရပြီးသေလဲတော့မသိဘူး” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
စစ်ကား မိုင်းထိပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ကလေး – နတ်ချောင်းလမ်း ဒ.က.စ လမ်းထိပ်မှာ လမ်းသွားလမ်းလာတွေကို အင်အားသုံးစစ်ဆေးနေသလို အိမ်စီးကားတွေနဲ့ပါ ရပ်ကွက်ထဲလမ်းတွေကို လှည့်ပတ်နေတယ်လို့သိရပါတယ်။
အခုလိုစစ်ကားကို မိုင်းဆွဲတိုက်ခိုက်တာဟာ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ် ဆိုတာကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။