ဇူလိူင်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ၊ အကြမ်းဖက်စစ်တပ်က ကလေးမြို့နယ်၊ မြစ်သာအရှေ့ဘက်ကမ်းရှိဥယျာဥ်၊ အူဒူ၊ ကင်မွန်းချုံ၊ အင်းကျော်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဥယျာဉ်ရွာသားတဦးက DNA ကိုပြောပါတယ်။
“ပျိုးတွေကနှုတ်ပြီးပြီဗျ။ ဒီအတိုင်းပစ်ထားခဲ့ရတယ်။ စစ်ကြောင်းပြန်သွားမှစိုက်ရမှာပဲ။” လို့ ပြောပါတယ်။
“အတော်လေးဒုက္ခရောက်ပြီးတော့ သနားစရာကောင်းတဲ့ရွာတွေပါဗျာ။ စစ်ကြောင်းရှိရင်ပြေးလိုက်၊ မရှိရင်ရွာပြန်လိုက်နဲ့။ အလုပ်လည်းကောင်းကောင်းမလုပ်ကြရဘူး” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
ဇူလိူင်လ ၁၉ ရက်နေ့ကကျောက္ကာရွာအရှေ့ဘက်အတိုင်း စစ်ကောင်စီစစ်ကြောင်းဟာ စစ်အင်အား ၁၅၀ ခန့်ပါဝင်ပြီး ၂၀ ရက်နေ့မှာ အကျေးရွာတွေအနားရောက်လာတာကြောင့် မြစ်အရှေ့ဘက်ကမ်းက ရွာလေးရွာဟာ အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
“ခုထိပြေးကြတုန်းပါ။ တချို့က တိရိစ္ဆာန်တွေပါ သတ်စားခံရမှာစိုးလို့ ဆွဲခဲ့ကြတော့။ တချို့လည်း ဒီတိုင်းထားခဲ့ကြတယ် ” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇူလိူင်လ ဒုတိယပတ်ကစ ကလေးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ဇူလိူင်လ ၁၄ ရက်နေ့ညကလည်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကင်မွန်းချုံရွာက အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။