ဖလမ်းက ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း ဟားခါးမြို့ကိုရောက်ရှိ

Photo – Google
ဖလမ်းကနေ ဟားခါးကိုထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိူင်လ ၁၇ ရက် ညနေပိုင်းမှာ ဟားခါးမြို့ကို ရောက်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟားခါးမြို့ကို ရောက်ရှိလာချိန်မှာ ဒဏ်ရာရလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဟားခါးဆေးရုံကြီးကိုပို့ဆောင်တာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မြို့သစ်ဘက်ကနေလာပြီး ဆေးရုံဘက်ကိုကားနှစ်စီးဆင်းသွားတာတွေ့လိုက်ရတယ်။ ကားထဲမှာဒဏ်ရာရတဲ့စစ်သားတွေပါလာတယ် ။ ဆေးရုံကြီးမှာကားပေါ်ကနေချကြတော့ဆယ့်လေးငါးယောက်ရှိတယ်”လို့ဟားခါးမြို့ခံတစ်ဦးကဆိုပါတယ်။
ကား ၂၇ စီးပါ အဲဒီစစ်ကြောင်းဟာ ဖလမ်းမြို့က ဇူလိူင်လ ၇ ရက်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဖလမ်း – ဟားခါး လမ်းပေါ်မှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီတပ်တွေဟာ ဖလမ်း-ဟားခါးကားလမ်းပေါ်မှာရှိတဲ့ တားလ်ရွာက နေအိမ် ၁၀ လုံး၊ တလန်ဇာရ်ကျေးရွာက နေအိမ် ၄ လုံး၊ ချွန်ကျူံးရွာက လူနေအိမ် ၁၉ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဖလမ်း – ဟားခါးလမ်း တိုက်ပွဲစဥ်တလျောက် စစ်ကောင်စီစစ်ကြောင်းက ကား ၄ စီးပျက်စီး၊ ၅၀ ကျော်သေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့တွေမှာ ကလေးမြို့ကနေ ချင်းတောင်ကို တက်သွားကြတာဖြစ်ပြီး စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့တစ်ချို့ဟာ ကလေး – ဖလမ်း ကားလမ်းဘေးက ခွီးမွှာလ်ရွာမှာ ယာယီစခန်းဆောက်လုပ်တပ်ချနေပြီး ဆက်လက်ထွက်ခွာခဲ့တဲ့ စစ်ကြောင်းကတော့ ဇူလိူင်လ ၁၇ ရက်နေ့မှာ ဟားခါးမြို့ကိုရောက်ရှိလာတာ ဖြစ်ပါတယ်။