ဟားခါးက စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

ချင်းပြည်နယ်၊ဟားခါးမြို့၊ ကျောဘုတ်စစ်ဆေးရေးဂိတ်က စစ်ကောင်စီအဖွဲ့ကို ဇန်နဝါရီ (၂၉) ရက် မနက်ပိုင်းမှာCDF – Hakha ကသွားရောက်ပစ်ခတ်ရာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်သားတဦးသေဆုံးတယ်လို့ CDF – Hakha ကထုတ်ပြန်ပါတယ်။
” တိုက်ပွဲမနက်ပိုင်းမှာဖြစ်တာ ဟုတ်ပါတယ်၊ သေနတ်သံတွေတော့ အကျယ်ကြီးမကြားရဘူး၊ဟိုတခါအဲ့ဒီဘက်မှာဖြစ်ထားတာရှိတော့ လူတွေလည်းသိပ်မသွားကြဘူး” လို့ ဟားခါးမြို့ခံတဦးကပြောပါတယ်။
အခုတိုက်ခိုက်မှုမှာလည်း စစ်သားတဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ CDF – Hakha ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီကဟားခါး-ထန်တလန်အကြား သီမစ်ချောင်းဘက်က CDF-Hakha တပ်ဖွဲ့၀င်တွေရှိရာကို စစ်ရဟတ်ယာဉ် (Mi-35) နဲ့ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပေမယ့် CDF-Hakha အဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျောဘုတ်စစ်ဆေးရေးဂိတ်ကို ထမင်းပို့သွားတဲ့ စစ်ကောင်စီစစ်သားနှစ်ဦးကို CDF – Hakha က ကြားဖြတ်တိုက်ခိုက်ပြီး သေနတ်တလက်သိမ်းယူခဲ့တဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ အခုလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းကနေတိုက်ခိုက်မှုတွေကိုနေ့စဥ်ရက်ဆက်နီးပါး လုပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန် ရေးအင်အားစုတွေကပြောပါတယ်။
မင်းတပ်၊ထန်တလန်ဘက်မှာ ညဘက်ပိုင်းတွေမှာ လေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေးဖုန်းလိုင်းအားလုံးကိုလည်း ဖြတ်တောက်ထားတယ်လို့ဆိုပါတယ်။
မနေ့က ညနေပိုင်းကတော့ ထန်တလန်မြို့နယ်မှာ ပျံသန်းလာတဲ့ စစ်ရဟတ်ယာဥ်နှစ်စီးကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ရဟတ်ယာဥ်တစီး ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံ မီဒီယာ chinjournal ကဖော်ပြပါတယ်။