လောင်းလုံး၊ ပိန္နဲတောရွာက ပျူစောထီးအဖွဲ့ဝင်ကို LLPDF အဖွဲ့က ရှင်းလင်းသုတ်သင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာက ပျူစောထီးအဖွဲ့ဝင် ကိုထွန်းထွန်းဝင်းကို Launglone People Defence Force (LLPDF) အဖွဲ့က ဇူလိုင် ၁၆ ရက်က ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ သိရပါတယ်။
LaungLone People Defence Force နှင့် Dawei Defense Team DDT တပ်ခွဲ (၃) တို့က ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းဝင်းကို မနက် ၆ နာရီမှာ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှင်းလင်းခံရတဲ့ ကိုထွန်းထွန်းဝင်းဟာ ပန်းဒလဲကျေးရွာက ပျူစောထီးအဖွဲ့ခေါင်းဆောင် ငဇော်ရဲ့ တပည့်အရင်းဖြစ်ပြီး အများပြည်သူဆီက ဆက်ကြေးကောက်တာ၊ ဂေါ့အင်းကျေးရွာက ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာသတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တဲ့အပြင် ပျူအဖွဲ့တွေနဲ့ ဆိုးသွမ်းသောင်းကျန်းမှုမှာ ပါဝင်ခဲ့တယ်လို့ LLPDF ကဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်သားတွေ ရောက်လာချိန်မှာလည်း ပျူစောထီးအဖွဲ့တွေနဲ့အတူ CDM ဝန်ထမ်းတွေနဲ့ဆန္ဒပြလူငယ်တွေရဲ့နေအိမ်တွေကို လိုက်ပြပေးခဲ့သူလည်းဖြစ်တယ်လို့ အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေ ၁၇ ရက်မှာ လောင်းလုံးမြို့နယ် လမ်းတစ်နေရာမှာ ပျူစောထီးအဖွဲ့ရဲ့ကားကို ပစ်ခတ်တိုက်ခိုက်ချိန်မှာ ကျည်ဆံဒဏ်ရာရရှိခဲ့ပြီး အသက်ရှင်လွတ်မြောက်နေသူတစ်ဦးလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။