
တောင်အာဖရိကနိုင်ငံ Soweto မြို့မှာရှိတဲ့ ဘားတစ်ခုမှာ ဇူလိုင်လ ၁၀ရက်နေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန SABC က ပြောကြားလိုက်ပါတယ်။
ပစ်ခတ်မှုဟာ ညသန်းခေါင်ကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရိုင်ဖယ်နဲ့ ၉ မီလီမီတာ ပစ္စတိုတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်စုဟာ Nomzamo မြို့မှာရှိတဲ့ ဘားထဲကို ဝင်ရောက်ကာ စားသောက်နေတဲ့သူတွေကို ပစ်ခတ်ခဲ့တာလို့ Gauteng ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဘားအတွင်း လူ ၂၃ ဦး သေနတ်ထိမှန်ခဲ့တာဖြစ်ပြီး ၁၂ ဦးကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒဏ်ရာရရှိသူ ၁၁ ဦးကိုတော့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ခဲ့ပြီး နောက်ထပ် လူ ၂ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့လည်း ဆေးရုံက ကြေညာထားပါတယ်။
သံသယရှိသူတွေ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က မျက်မြင်သက်သေကို သက်သေထွက်ဆိုဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
တောင်အာဖရိကသမ္မတ Cyril Ramaphosa က တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး “နိုင်ငံတစ်နိုင်ငံအနေနဲ့ ရာဇ၀တ်ကောင်တွေကို ဒီနည်းနဲ့ အကြမ်းဖက်ဖို့ ခွင့်မပြုနိုင်ပါဘူး၊ တောင်အာဖရိကကို ရာဇ၀တ်ကောင်တွေအတွက် လုံခြုံမှုမရှိတဲ့ နေရာတစ်ခုဖြစ်အောင် စုပေါင်းအားထုတ်မှုနဲ့ လှုံ့ဆော်ပေးရမယ်” လို့ ဆိုထားပါတယ်။