နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ ဟာ ဇူလိုင်လ ၄ရက်နေ့က မဟာမိတ်ချဲ့ထွင်အတွက် လက်မှတ်ရေးထိုးပြီးနောက် ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ရဲ့ နေတိုးအဖွဲ့မှာ ပါဝင်ခွင့်ကို ဂျာမနီနိုင်ငံက ဇူလိုင်လ ၈ရက်နေ့မှာ အတည်ပြုလိုက် ပါတယ်။
ဘာလင်မှာရှိတဲ့ ပါလီမန်နဲ့ ဖက်ဒရယ်ပြည်နယ်တွေ စုဖွဲ့ထားတဲ့ Bundesrat ဥပဒေပြုအဖွဲ့တွေက ဖင်လန်နဲ့ ဆွီဒင် ၂ နိုင်ငံစလုံးအတွက် ဝင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ကျင့်ဝတ်တွေကို ထောက်ခံခဲ့ကြပါတယ်။
“ဒါက နေတိုးအဖွဲ့ဝင်အားလုံးနဲ့ ဥရောပအတွက် လုံခြုံရေးကို ပိုဖန်တီးပေးတယ်” လို့ ဂျာမန်အဓိပတိ Olaf Scholz က Twitter တွင် ပြောဆိုပါတယ်။
ဖင်လန်နဲ့ ဆွီဒင်တို့ဟာ “အဖွဲ့ဝင် ၁ ဦးကို တိုက်ခိုက်တာဟာ အဖွဲ့ဝင်အားလုံးကို တိုက်ခိုက်တာဖြစ်တယ်” ဆိုတဲ့ နေတိုးအဖွဲ့ရဲ့ မူဝါဒအရ အကာအကွယ်မရခင် နေတိုးအဖွဲ့ဝင်၃၀ စလုံးရဲ့ပါလီမန်တွေက အတည်ပြုဖို့တော့ လိုအပ်နေပါသေးတယ်။
အဲဒီအတည်ပြုချက်ကို ရရှိဖို့ တစ်နှစ်အထိ ကြာနိုင်ပေမယ့် အဲဒီအတောအတွင်း ဖင်လန်နဲ့ ဆွီဒင်တို့ဟာ နေတိုးအစည်းအဝေးတွေမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ရုရှားကတော့ နေတိုးအဖွဲ့ထဲ မဝင်ဖို့ ဖင်လန်နဲ့ ဆွီဒင် ၂ နိုင်ငံစလုံးကို အကြိမ်ကြိမ်သတိပေးခဲ့ပြီး မတ်လ ၁၂ ရက်နေ့ကလည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက “ပြင်းထန်တဲ့ စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကျိုးဆက်တွေ ရှိလာမယ်” လို့ ပြောဆိုထားပါတယ်။